DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအခွင့်အရေးကို ဒု-သမ္မတက ဆောင်ရွက်ပေးရန် သဘောတူ
DVB
·
January 30, 2015
မသန်စွမ်းသူများအခွင့်အရေးကို  ဒု-သမ္မတက ဆောင်ရွက်ပေးရန် သဘောတူ
Donate to DVB

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌတာဝန်ကို ဒုတိယ သမ္မတ တဦးကို ခန့်အပ်တာဝန်ပေးဖို့ မသန်စွမ်းအဖွဲ့ကိုယ်စားလှယ်တွေ၊ လွှတ်တော်က ကော် မတီအဆင့်တာဝန်ရှိသူတွေ သဘောတူညီကြပါတယ်။

မသန်စွမ်း အဖွဲ့အစည်းတွေ၊ ဦးမောင်မောင်ဆွေ ဦးဆောင်တဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ လွှတ်တော်အမတ်တွေ မသန်စွမ်းဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဒီလ ၂၈ ရက်နေ့ နေပြည်တော် ဆွေးနွေးပွဲမှာ သဘောတူကြပါတယ်။

autism1ပြည်ထောင်စုလွှတ်တော်က ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်တဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေကြမ်းရဲ့အခန်း ၃ မှာ ဥက္ကဋ္ဌတာဝန်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ခန့်အပ်ရမယ်လို့ ပါရှိပြီး မသန်စွမ်းတွေက ဒုတိယသမ္မတနဲ့ ပြောင်းလဲပေးဖို့ အဆိုပြုချက်ကို သဘောတူခဲ့တာပါ။

ဒီဆွေးနွေးပွဲမှာ ပါဝင်သူတွေ ရွှေမင်းသား ဖောင်ဒေးရှင်းက ဦးမြတ်သူဝင်းက     “ကျနော်တို့က ဒုတိယသမ္မတကို အမျိုးသားကော်မတီဥက္ကဋ္ဌအနေနဲ့တင်မြှောက်ဖို့ ဆန္ဒပြုထားတယ်။လူမှုဝန်ထမ်းဦးစီးဌာနကလည်း အဲဒါကို နဂိုကတည်းက သဘောတူတယ်။ အစကတည်းက ဒုတိယသမ္မတဆိုရင် ကြာသွားမှာစိုးလို့ လူကယ်ပြန်ဝန်ကြီး (လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီး) ကို ဥက္ကဋ္ဌလို့ သဘောထားထားတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာဆွေးနွေးရင်တော့ လက်ခံမယ်လို့ အကြမ်းဖျဉ်း သဘောတူထားတယ်။ ပညာရေးနဲ့ပတ်သက်လို့လည်း အထူးကျောင်းရယ်၊ အထူးပညာရေးလိုအပ်ချက်ရှိတဲ့ ကလေးရယ်၊ ကျောင်းပညာရေးရယ်ပေါင်းစည်းပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိဖို့လည်း ကျနော်တို့ဆွေးနွေးတယ်” လို့ ပြောပါတယ်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့နှစ်ဦးအနက် ဘယ်သူ့ကို တာဝန်ပေးမယ်ဆိုတာ မဆုံးဖြတ်ခဲ့ကြပါဘူး။

နေပြည်တော်ဆွေးနွေးပွဲမှာ မသန်းစွမ်းဥပဒေမူကြမ်းပါ အခန်း ၁၇ ခန်းကို တခန်းချင်းစီ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ရရှိတဲ့ သဘောတူညီချက်တွေကို လွှတ်တော်ကို တင်ပြအ တည်ပြုကြမှာဖြစ်ပါတယ်။

ဦးမြတ်သူဝင်းက “ဆွေးနွေးတာက တော်တော်တော့များတယ်။ သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင် ထားတဲ့အတွက် တော်တော်များများက တူညီနေတာတွေ့ရတယ်။ ကျနော်တို့ ဆွေး နွေးတာ အကုန်လုံးနီးပါးကို လက်ခံတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ဘယ်လိုလာ မလဲမသိသေးဘူး ” လို့ ပြောပါတယ်။

ဆွေးနွေးပွဲကို လွှတ်တော်ဘက်က ၁၉ ဦးနဲ့ မသန်စွမ်းတွေဘက်က အယောက် ၂၀ တက်ရောက်ပါတယ်။

မသန်စွမ်းသူများ၏အခွင့်အရေးများဥပဒေမူကြမ်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ မသန်စွမ်းသူတွေအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အ စည်းတွေ ညှိနှိုင်းရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၈-၂၀၀၉ ခုနှစ်ထုတ်ပြန်တဲ့စာရင်းအရ မြန်မာ့လူဦးရေရဲ့ ၂ ဒသမ ၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူဖြစ်တယ်လို့သိရပြီး မသန်စွမ်းသူတွေရဲ့ တ၀က်ကျော်ဟာ  ပညာ သင်ကြား ခွင့်မရဘူးလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်စုစုလှိုင်က မနှစ် နိုဝင်ဘာလတုန်းက လွှတ်တော်မှာ ရှင်းလင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013