DVB Logo
Home
မြန်မာသတင်း
မြန်မာတဦး မလေးရှားလေဆိပ်တွင် ထိန်းသိမ်းရိုက်နှက်ခံရ
DVB
·
January 29, 2015
Donate to DVB

မလေးရှားလေဆိပ်အာဏာပိုင်တွေက မြန်မာနိုင်ငံသားတဦးကို အကြောင်းမဲ့ထိန်း သိမ်းရိုက်နှက်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ အာဆီယံလူထုဖိုရမ်အပါအ၀င် မလေးရှာလူမှုအဖွဲ့အ စည်းတချို့က တောင်းဆိုကြပါတယ်။

အာဆီယံလူထုဖိုရမ်တက်ဖို့ ဇန်န၀ါရီလ ၂၁ ရက်နေ့က မလေးရှားအသွား ကွာလာ လမ်ပူလေဆိပ်မှာ ကိုအောင်နိုင်ဝင်း (ခ) ရှိုင်း ရိုက်နှက်ခံခဲ့ရတဲ့ အပေါ် တောင်းဆိုခဲ့ကြ တာပါ။

ကာယကံရှင် ကိုအောင်နိုင်ဝင်း (ခ) ရှိုင်းက “အဲဒီနေ့က လေဆိပ်က လ၀က ကို ၀င်တဲ့ အခါကျတော့ ရုံးသွားခိုင်းတယ်။ ဟိုရောက်တော့ သူစာအုပ်ထပ်လိုက်တယ်။ ၁၀ မိနစ် လောက်ကြာတဲ့အခါကျတော့ ကျနော့်ကို အတွင်းထဲမှာဝင်ထိုင်ခိုင်းတယ်။ ဘာဖြစ်လို့ ထိုင်ခိုင်းလဲဆိုတော့လည်း ဘာမှ အကြောင်းမပြန်ဘူး။ ”

သူဟာ Malaysian Relief Agency (MRA) မှာ ညှိနှိုင်းဆောင်ရွက်ရေးမှူးအဖြစ်၂၀၁၂ ခုနှစ်ကတည်း အလုပ်လုပ်နေပြီး တလကို ၂ ကြိမ်လောက် ပုံမှန်အလုပ်ကိစ္စနဲ့ မလေးရှားကို သွားရောက်နေတာလို့ ပြောပါတယ်။

ဒီကိစ္စကို သူက MRA ကို အကြောင်းကြားသလို အာဆီယံလူထုဖိုရမ်ဆီကိုလည်း အကြောင်းကြားခဲ့ပါတယ်။ အဖွဲ့အစည်းတွေက ဆက်သွယ်မေးမြန်မှုတွေအပြီးမှာ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခံရသလို  တယ်လီဖုန်းနဲ့ တခြားပစ္စည်းတွေလည်း သိမ်းဆည်းခံရတယ်လို့ ဆိုပါတယ်။

သူက “ ကျနော်လေယာဉ်ဆိုက်တာက  ည ၈ နာရီ ၁၅၊  ၈ နာရီခွဲကျော်ကျော်လောက်မှာ ကျနော်တို့ကို မှန်ခန်းထဲ ထည့်ထားလိုက်တာပေါ့လေ။ ည ၁၂ နာရီလောက်မှာ ဗိုက်က တအား ဆာလာတယ်လေ။ အစားအသောက်လည်းမရှိတဲ့အခါကျတော့ ငါ့ကို ရေနဲ့ ငါ့အထုပ်ထဲမှာ မုန့်ပါတယ်၊ မုန့်ယူခွင့်ပေးပါလို့ သူက လုံးဝမလုပ်ဘူး။ နောက် ၃ နာရီလောက်မှာ ကျနော်သူတို့ကို ပြန်ပြောတယ်။ အဲဒီမှာ နှစ်ဘားနဲ့အရာရှိက ၀င်လာပြီး မျက်ကို ပိတ်ပိတ်ထိုးတာ။ မျက်နှာကိုရိုက်တယ်။ ပြီးတော့ ကျနော့် ဂျိုစောင်းကို လက်သီးနဲ့ ပိတ်ထိုးတာ။ မင်းတို့ငါ့ကို ဒီလို လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်ပြောတော့ ထပ်ထပ်ပြီးရိုက်တယ်။ အဲဒါနဲ့ ကျနော်ဘာမှ မပြောဘဲ ထောင့်နားလေးမှာ သွားထိုင်နေလိုက်တယ်။ အထဲမှာလည်း လူအယောက် ၂၀၀ ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။

ဖုန်းသိမ်းခံရတဲ့အတွက် မလေးရှားနိုင်ငံက မြန်မာသံရုံးကိုတော့ အကြောင်းမကြားဖြစ် တော့ဘူးလို့ ပြောပါတယ်။

နောက်နေ့မှာတော့ အရာရှိ ၃ ဦးက သူ့ကို လာတွေ့ပြီး အခြေအနေအရ ပြည်ဝင်ခွင့်မပြုနိုင်ဘူးလို့ ပြောကြောင်း၊ ပြည်ဝင်ခွင့်မပြုရင် ပြန်ပို့ပါလို့ ပြောတဲ့အတွက် ၂၃ ရက်နေ့မှာ မြန်မာပြည်ကို ပြန်လာခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးကို မေးမြန်းရာမှာလည်း သူတို့ကိုယ်တိုင် မပြောတတ်နိုင်ဘဲ ခုထက်ထိ ဘာကြောင့် ချုပ်နှောင်ထိုးကြိတ်ခံရတယ်ဆိုတာ မသိသေးဘူးလို့ဆိုပါတယ်။ ဒီကိစ္စကို မြန်မာအစိုးရအာဏာပိုင်တွေထံမှာ တိုင်ကြားခြင်းတော့ မရှိဘူးလို့ သူက ပြောပါတယ်။

သူ့ရုံးချုပ်ကလည်း မေးမြန်းချက်တွေအရ မလေးအာဏာပိုင်တွေက နာမည်ပျက်စာရင်း ပါတဲ့ နာမည်တခုနဲ့ မှားပြီး လုပ်လိုက်တဲ့ပုံစံမျိုးမှာရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013