
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း ပဒါန်းလမ်းက ရိုးပေါ်မှာရှိတဲ့ နတ်ရေကန်တိုက်ပွဲကို ပစ်ကူလာတဲ့ စစ်တပ် ပါရာမော်တာတစီးကို အာရက္ခတပ်တော် (AA) က ပစ်ချလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမ်း-ပဒါန်းလမ်းက နတ်ရေကန်ဗျူဟာကုန်းကို ထိုးစစ်ဆင်ပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို လေကြောင်းကနေ ပစ်ကူလာတဲ့ စစ်အာဏာရှင်တပ်ရဲ့ ပါရာမော်တာတစီးကို AA ကွန်မန်ဒိုအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်အစောပိုင်းက ပစ်ချနိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ပါရာမော်တာမှာက လူပါတယ်။ ပဒါန်း ဆုန်ကုန်းအမြောက်တပ်ကနေ တက်လာပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေကို ဗုံးလာကြဲတာ။ AA ကွန်မန်ဒိုအဖွဲ့က ပါရာမော်တာကို ပစ်လို့ ထိမှန်သွားတယ်။”
အခုရက်ပိုင်းအတွင်း အမ်း-မကွေး ရိုးလမ်းက တလိုင်းတောင်နဲ့ နတ်ရေကန်ဗျူဟာကုန်းကို သွားတဲ့ လမ်းကို စစ်တပ်အင်အား ၄၀၀ လောက်နဲ့ ထိုးစစ်ဆင်ပေမဲ့ အထိနာ ကျဆုံးမှု များနေတယ်လို့ အမ်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်က ပြည်သူ့စစ်တွေကို မူးယစ်ဆေးကျွေးပြီး ရှေ့တန်းပို့ထားတာ။ ဒါကြောင့် အကျဆုံးများနေတာ။ အားသာချက်က လေကြောင်းပဲရှိတယ်။ ရိုးလမ်းမှာ စစ်ကောင်စီ အင်အားပြုန်းတာ များနေပြီ။”
အောက်တိုဘာ ၂၇ ရက်ကလည်း စစ်အာဏာရှင်ရဲ့ အဓိက အထိုင်ဗျူဟာကုန်းဖြစ်တဲ့ အမ်း-ပဒါန်း ရိုးလမ်းပေါ်က နတ်ရေကန်ဗျူဟာကုန်းကို အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်း ဟာ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀ ယောက်ကျော်ထက်မနည်း သေဆုံးပြီး ၆ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းအနီးနဲ့ တောင်ကြောတလျှောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစလို့ AA နဲ့ စစ်အာဏာရှင်တပ်တို့ အပြန်အလှန် ထိုးစစ်ဆင်ရင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











