DVB Logo
Home
မြန်မာသတင်း
သပိတ်စစ်ကြောင်းအချို့ ခေတ္တရပ်နား
DVB
·
January 29, 2015
သပိတ်စစ်ကြောင်းအချို့ ခေတ္တရပ်နား
1 / 2
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့က အမျိုးသားပညာရေးဥပဒေ ဆန္ဒပြနေတဲ့ ကျောင်း သားသပိတ်ကို ဒီကနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ကစပြီး ခေတ္တရပ်နားကြောင်း ဆန္ဒပြခေါင်း ဆောင်တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးက ပြောပါတယ်။

[caption id="attachment_79226" align="aligncenter" width="511"]ထားဝယ်ကျောင်းသားများ ဆွေးနွေးနေကြစဉ် ထားဝယ်ကျောင်းသားများ ဆွေးနွေးနေကြစဉ်[/caption]

“အစကတော့ ဒီကနေ့မှာ ကျနော်တို့ထွက်ဖို့ စီစဉ်ထားတယ်ဗျာ။ ဒါပေမယ့် ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့တဲ့အစည်းအဝေးမှာ  ၁ ရက်နေ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲစမယ်ဆိုတော့ ကျနော်တို့ ထားဝယ် ၆ ဦးကော်မတီက ဆွေးနွေးထားတာရှိတယ်ဗျာ။ ကျနော်တို့ သပိတ် မှောက်နေစဉ်အတောအတွင်းမှာ သူတို့ဘက်က ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို တိုင်းသိပြည်သိ တရားဝင်ကမ်းလှမ်းလာတယ်ဆိုရင် ကျနော်တို့ သပိတ်ကို ရပ်နားဖို့ အဲဒီကတည်းက ကျနော်တို့ ဆုံးဖြတ်ထားတာဆိုတော့ ဒီကနေ့ ကျနော်တို့ မထွက်တော့ဘူး။ သပိတ်ကို ခဏ ရပ်လိုက် တာပေါ့၊ ဒီနေ့ပဲ ကျနော်တို့ သပိတ်စခန်းကနေပြီး ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်။ ဒါပမေယ့် ကျနော်တို့ တယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့ အဆင်သင့်ဖြစ်အောင်တော့ လုပ်ထား တယ်ဗျာ။ ”

ထားဝယ်မြို့က သပိတ်ကျောင်းသားတွေဟာ  ရေနန်းတောင် ဘုန်းကြီးကျောင်းမှာ သပိတ်စခန်းဖွင့်ပြီး ထားဝယ်မြို့ပေါ်က ကျောင်းသူကျောင်းသားတွေကို လိုက်လံစည်းရုံး လှုံ့ဆော်နေတာဖြစ်ပါတယ်။

ပခုက္ကူမြို့က ကျောင်းသားသပိတ်ကလည်း ဒီကနေ့ကစပြီး ချီတက်မှုတွေမလုပ်တော့ဘဲ ရပ်နားထားလိုက်ပြီလို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က ပြောပါတယ်။

“ဒီကနေ့ ပခုက္ကူလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသူကျောင်းသားအားလုံးကို မနေ့က ကျနော်တို့ နေပြည်တော်မှာ သွားရောက်ဆွေးနွေးလက်မှတ်ရေးထိုးခဲ့တဲ့ ကိစ္စတွေကို ကျောင်းသားတွေအားလုံးကို ရှင်းပြတယ်။ ပြီးတော့ ပါဝင်ခဲ့တဲ့ ကျောင်းသူကျောင်းသားအားလုံကို ပခုက္ကူကျောင်းသားသမဂ္ဂအနေနဲ့ရော၊ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအနေနဲ့ရော ကျေးဇူးတင်ကြောင်းပြောတယ်။ ကျနော်တို့ ပြောခဲ့တာက တွေ့ဆုံဆွေးနွေးမှုစပြီး တွေ့ဆုံဆွေးနွေးမှု ဖြစ်နေသမျှကာလပတ်လုံး သပိတ်ချီတက်လှုပ်ရှားမှု လုံးဝမလုပ်ဘူး။”

ဧရာဝတီတိုင်းက ဇန်န၀ါရီ ၃၀ ရက်နေ့မှာမှ စတင်ထွက်ခွာမယ့်ကျောင်းသားအဖွဲ့ကတော့ သူတို့ နဂိုစီစဉ်အတိုင်း ဆက်လက်ထွက်ခွာဖို့ရှိပြီး တွေ့ဆုံဆွေးနွေးပွဲစမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အခြေအနေပေါ်မူတည်ပြီး ရပ်နားသင့်ရင် ရပ်နားဖို့ ရှိပါတယ်။

“လေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့အတွက် ၁ ရက်နေ့မှာ သပိတ်စစ်ကြောင်းကို ရပ်ထားဖို့ အကြောင်းပြန်လာရင် ကျနော်တို့က ရပ်ထားဖို့အစီစဉ်ရှိပါတယ်” လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုတေဇာက ပြောပါတယ်။

မန္တလေးကနေ ထွက်ခွာခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကတော့ ဒီကနေ့မှာ ပုပ္ပားကနေ ကျောက်ပန်းတောင်းကို ဆက်လက်ချီတက်နေပါတယ်။

“ကျနော်တို့ကတော့ သပိတ်ကို လက်ရှိအချိန်မှာ မနားနိုင်သေးဘူး။  ရန်ကုန်အထိသွား မယ့် လမ်းကြောင်းကို ဆက်သွားဖို့ အစီစဉ်ရှိတယ်။ သူတို့ဘက်က တစုံတရာ စေ့စပ်ညှိနှိုင်းမှုက ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဆက်သွားဖို့ရှိတယ်။ သူတို့ဘက်က ကျနော်တို့ တောင်းဆိုချက် ၁၁ ချက်ကို လိုက်လျောသည့်တိုင်အောင် ဥပဒေအသီးသီးကို အဲကျရင် ကားစီးသွားပြီး မြို့တွေမှာ အောင်ပွဲခံတဲ့ ပုံစံမျိုးနဲ့ ရန်ကုန်ကို ပြန်ဝင်ဖို့အစီစဉ်ရှိပါတယ်” လို့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းမင်းဇော်က ပြောပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲစတင်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရောက်တဲ့မြို့မှာ ဆက်ချီတက်ခြင်း မပြုဘဲ ဆွေးနွေးပွဲသတင်းကို အဲဒီမြို့မှာပဲ စောင့်နားထောင်မယ်လို့ ဆိုပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဒီကနေ့ နေပြည်တော်ဆွေးနွေးပွဲမှာ သဘောတူညီကြပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013