DVB Logo
Home
မြန်မာသတင်း
ကချင်ဆရာမ ၂ ဦးအသတ်ခံရမှု စစ်တပ် မကျူးလွန်နိုင်ဟု အစိုးရထုတ်ပြန်
DVB
·
January 29, 2015
ကချင်ဆရာမ ၂ ဦးအသတ်ခံရမှု စစ်တပ် မကျူးလွန်နိုင်ဟု အစိုးရထုတ်ပြန်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်းဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာမှာ ကျောင်းဆရာမ နှစ်ဦးကို အဓ္မမပြုကျင့်သတ်ဖြတ်မှု ကျူးလွန်သူတွေကို အမြန်ဖော်ထုတ်ပေးဖို့ ကချင်ခရစ်ယာန်နှစ်ခြင်းအသင်းချုပ်က သမ္မတထံ တောင်းဆိုလိုက်သလို အစိုးရဘက်က တပ်မတော်သားတွေ ဖြစ်နိုင်ဖွယ်မရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။

xKachin-8-622x466.jpg.pagespeed.ic.dBbs-1Gddqပြန်ကြားရေးဝန်ကြီးဌာနနဲ့ တပ်ပိုင် မြ၀တီသတင်းဌာနတွေက ထုတ်တဲ့ သတင်းမှာ ဒီလူ သတ်မှုကို တပ်မတော်သားတွေ ကျူးလွန်တယ်လို့ စွပ်စွဲပြောဆိုမှုတွေအပေါ် အစိုးရ တုံ့ပြန်ချက်ဖြစ်ပြီး မဟုတ်မမှန်လုပ်ကြံရေးသားပြောဆိုတဲ့သူတွေကို တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါ တယ်။

အခင်းဖြစ်တဲ့ ဇန်န၀ါရီ ၁၉ ရက်နေ့က ကောင်းခါးရွာကို ခ.မ.ရ (၅၀၃) စစ်ကြောင်း ရောက်ရှိခဲ့ပြီး ညသန်းခေါင်ယံမှာ လူသတ်မုဒိမ်းမှုဖြစ်ပွားခဲ့တာကို တွက်ဆပြီး ဒီပြစ်မှုကို စစ်သားတွေ ကျူးလွန်နိုင်ဖွယ်ရှိတယ်ဆိုပြီး ဒေသခံတွေက သံသယဖြစ်နေကြတာပါ။

ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်းအတွင်းက နေအိမ်မှာ ဒီဆရာမ နှစ်ဦး အဓမ္မပြုကျင့် ခံရပြီး ရက်ရက်စက်စက်သတ်ဖြတ်ခံရမှုကို အမှုမှန်ဖော်ထုတ်ပေးဖို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)က ဇန်န၀ါရီ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတထံကို လိပ်မူတိုင်ကြားခဲ့ပါတယ်။

ဒီစာမှာ “‘အမှန်တကယ် ပြစ်မှုကျူးလွန်သူများကိုသာ ဥပဒေအတိုင်း အရေးယူစေလိုကြောင်း’ “ခ.မ.ရ (၅၀၃) စစ်ကြောင်းမှ မိမိတပ်မတော်သားများမဟုတ်ကြောင်း ပြောဆိုသော်လည်း လူထုများအားလုံး၏ထင်မြင်မှုမှာ ခ.မ.ရ ၅၀၃ သာဖြစ်ကြောင်း ထင်မြင်ကြပါသည်”လို့ ရေးသားထားပြီး ‘ပြည်သူလူထုက တပ်မတော်အပေါ် အမြင်ကြည်လင်စေရန် အမှုမှန်ကို လျင်မြန်စွာ ဖော်ထုတ်စေလိုပါကြောင်း’ ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်က “ကျနော်တို့အနေနဲ့ အခု သေဆုံးသွားတဲ့ ကျောင်းဆရာမ ၂ ဦးလည်း သေဆုံးသွားပြီဆိုတဲ့အခါကျတော့ လက်ညှိုးထိုးပြ၊ ဒီလူ ဟုတ်တယ်ဆိုပြီးတော့မှ ကျနော်တို့ မျက်စိနဲ့ တပ်အပ် မမြင်တဲ့အခါကျတော့ တပ်မတော် အမှန်အကန်ဟုတ်တယ်လို့လည်း ကျနော်တို့ မယိုးစွပ်နိုင်ဘူးပဲဗျ။ ဘာကြောင့်လည်းဆိုတော့ လက်ညှိုးမထိုးပြနိုင်ဘူး။ သမ္မတကြီးထံကို စာပို့ထားပါတယ်။ သူက အရင်ဆောင်ရွက်မယ်လို့ ကျနော်တို့ စောင့်မျှော်နေကြတယ်” လို့ပြောပါတယ်။

သေဆုံးအပြီးမှာ ပန်ဆိုင်း (ကြူကုတ်) က ရဲအရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဒေသခံ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နဲ့ ပြည်သူ့စစ်တဦးကျစီပါတဲ့ စုံစမ်းရေးအဖွဲ့ဖွဲ့သလို လူသတ်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး မူဆယ်ဆေးရုံမှာ ဆေးစစ်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေထံက သတင်းတစုံတရာ မထုတ်ပြန်သေးဘဲ တပ်မတော်သားမကျူးလွန်နိုင်ဘူးလို့ အစိုးရက ထုတ်ပြန်ခဲ့တာပါ။

အလောင်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကနေ မြစ်ကြီးနားမြို့ကို သယ်ဆောင်စဉ်က ခရီးစဉ်တလျှောက်နဲ့ ဈာပနမှာ ဒေသခံတွေက ၀မ်းနည်းကြေကွဲ ကြိုဆိုဝတ်ပြုကြ ပြီး ရွာမှာညအိပ်ရပ်နားတဲ့ တပ်မတော်သားတွေ ကျူးလွန်မှုအဖြစ် ပုံဖော်တဲ့ ကြွေးကြော်သံတွေ အော်ဟစ် ရှုတ်ချခဲ့ကြပါ တယ်။

လူအများက တပ်မတော်သားတွေအပေါ် ဘာကြောင့် ယိုးစွပ်ပြစ်တင်နေကြတယ်လို့ မှတ်ချက် တောင်းခံရာမှာ ဦးလမာယော်က “အဲဒါကျတော့ ညီလေးလည်း သိနှင့်ပြီးသားဖြစ်တယ်။ အဲဒါ ဘယ်သူမှ မပြောကြရုံတမယ်ပါပဲ၊ ကျနော်တို့နိုင်ငံမှာ၊ ကျနော်တို့ တိုင်းပြည်မှာ ဘယ်သူတွေက အဲသလိုမျိုး ကျူးလွန်တတ်သလဲ။ စစ်တပ်တွေအများကြီးရှိတဲ့အထဲက (တပ်မတော်နှင့် အခြား လက်နက်ကိုင်တော်လှန်ရေးတပ်များကို ဆိုလို) ဘယ်စစ်တပ်က အဲသလိုမျိုးကျူးလွန်တတ်သလဲဆိုတာ ဗေဒင်မေးစရာမလိုတဲ့အချက်ဗျ။ ပြည်သူတရပ်လုံး၊ တိုင်းရင်းသားအားလုံးက သိနှင့်နေပြီးသားဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှ တပ်မတော်ဟုတ်တယ်လို့ မပြောလည်းပဲ သူ့အလိုလို သိနေကြတယ်။ အဲဒါကျတော့ ပြည်သူရဲ့ အတွင်းစိတ်ထဲကနေပြီးတော့ သိနှင့်နေပြီးသားဖြစ်တယ်။ အဲလိုပဲ ကျနော်တို့ မှတ်ယူတယ်။ သူတို့ရဲ့အလိုအလျောက် မှတ်ချက်ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဇန်န၀ါရီ ၂၈ ရက် ရက်နေ့ထုတ် မြ၀တီသတင်းမှာ မှုခင်းပိုင်းဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မျက်မြင် တွေ့ရှိချက်တွေနဲ့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးဖော်ထုတ်ချက်တွေ အရ တရားခံဟာ တပ်မတော်သားတွေ ဖြစ်နိုင်ဖွယ်ရာမရှိကြောင်း သုံးသပ် သိရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။

မန္တလေးက တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက လူသတ်မှုကို စုံစမ်းစစ်ဆေးနေတုန်း စစ်တပ်က အခုလို သတင်းထုတ်ပြန်ချက်ဟာ အမှုကို လွှမ်းမိုးရာရောက်တယ်လို့ ပြောပါတယ်။

“အမှုပေါ်မှာသွားပြီး သြဇာသက်ရောက်နိုင်တာပေါ့ဗျာ။ တရားခံဟာ တပ်မတော်သား ဟုတ်ချင်ဟုတ်၊ မဟုတ်ချင်နေ အရပ်သားပဲဖြစ်ဖြစ် တရားစွဲဆိုတဲ့အခါမှာ ဒီဟာကြီးကသွားပြီးတော့ သက်ရောက်နိုင်တာပေါ့။ ဒါက မလုပ်သင့်ပါဘူး။ တကယ်တော့ အစိုးရအနေနဲ့ မထုတ်ပြန်ဘဲ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဒါမျိုးတွေ့ရှိရတယ်လို့ ပြောသင့်သေးတာပေါ့။ သိပ်ပြီးတော့ အထိအခိုက်မခံတဲ့ ကိစ္စဖြစ်နေတော့ကာ ကျနော့်အမြင်အရတော့ ဒီလို မပြောသင့်သေးဘူးလို့ ယူဆပါတယ်။”

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြားတိုက်ပွဲတွေ ပြင်းထန်နေချိန်၊ တပ်မတော်စစ်ကြောင်း ရွာမှာ တပ်ချထားချိန်၊ ရွာသားတွေ ညဘက် အပြင်ထွက်တာ ဂရုစိုက်ရတဲ့ အခြေအနေမှာ လူဦးရေနည်းပြီး အိမ်ခြေကျဲပါးတဲ့ဒီကချင်ရွာလေးက ဘုရားကျောင်းဝင်းအတွင်း အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အစိုးရသတင်းထုတ်ပြန်ချက်ထဲမှာတော့ စုံစမ်းစစ်ဆေးမှုတွေပြီးလို့ အမှုမှန်သိရရင် စစ်တပ်ကို မဟုတ်မမှန် လုပ်ကြံရေးသားပြောဆိုတဲ့သူတွေကို တရားဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လဲ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက မီဒီယာမှာ ထင်မြင်ယူဆချက်ရေးသားဖော်ပြတာကို ဥပဒေအရအရေးယူ မရဘူးလို့ သုံးသပ်ပြောကြားပါတယ်။

“ဒီပြစ်မှုက သာမန်ပြစ်မှု မဟုတ်ဘူး။ တကယ့်ကို ရက်ရက်စက်စက်လုပ်သွားတဲ့ ပြစ်မှုဖြစ်နေတယ်။ မီဒီယာအနေနဲ့က ဒီပြစ်မှုကို မှန်မှန်ကန်ကန်ပေါ်ပေါက်ဖို့၊ တွန်းအားပေးဖို့ ပိုပြီးတာဝန်ကြီးလေးလာတာပေါ့။ အဲ့ဒီလိုတာဝန်ကြီးလေးလာတော့ မီဒီယာကလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်သူကို အသေးစိတ်အသိပေးတာတွေ၊ ဖြစ်နိုင်ဘွယ်သံသယရှိသူတွေအကြောင်းကို ရေးသားတာတွေ ဒါတွေကတော့ မီဒီယာမှာ invastigated reporting လုပ်ရလေ့ရှိပါတယ်။ မီဒီယာက လွတ်လပ်စွာ ထင်မြင်ယူဆရေးသားတာကို ကျော်လွန်ပြီးတော့ စွပ်စွဲရေးသားပြီး နစ်နာရင်တော့ ဥပဒေအတိုင်းဆောင်ရွက်ဖို့ နိုင်ငံသားတိုင်းမှာရော၊ အဖွဲ့အစည်းတိုင်းမှာပါ အခွင့်အရေးရှိတယ်။ သို့သော်လည်းပဲ မီဒီယာရဲ့ လွတ်လပ်ခွင့်အရ ယူဆချက်တွေ၊ ထင်မြင်ချက်တွေရေးသားမှုကိုတော့ ဥပဒေကြောင်းအရ ဘယ်လိုမှ အရေးယူလို့မရဘူးလို့ ယုံကြည်ပါတယ်။”

စစ်တပ်ပိုင်မြ၀တီသတင်းထုတ်ပြန်ချက်ထဲမှာ အခင်းဖြစ်ချိန် အဲ့ဒီရွာအနားရောက်ခဲ့တဲ့ တပ်မတော်စစ်ကြောင်းကို အမှုမှန်ပေါ်ပေါက်ရေးဝိုင်းပြီးကူညီပေးဖို့ အဲ့ဒီနေရာမှာပဲ ဆက်လက် အခြေချထားကူညီနေတယ်လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ခ.မ.ရ (၅၀၃) က စစ်အရာရှိတွေဟာ ဆရာမလေးနှစ်ဦးရဲ့ မိဘတွေကို တွေ့ဆုံပြီး ထောက်ပံ့ကြေးပေးအပ်ပေမယ့် မိဘတွေက လက်မခံခဲ့ကြဘူးလို့ ကေဘီစီ ပြန်ကြေားရေး တာဝန်ခံ ဦးလမာယော်က ပြောပါတယ်။

“သေဆုံးသွားတဲ့ ကျောင်းဆရာမ နှစ်ဦးရဲ့ မိဘတွေ မူဆယ်ကို သွားကြတယ်။ အဲဒီအခါမှာ ဗျူဟာမှူးလား၊ စစ်ကြောင်းမှူးလား ဘယ်သူရယ်လဲလို့တော့မဟုတ်ဘူး။ တပ်ကအရာရှိတွေက သူတို့ကို ပိုက်ဆံအထုတ် လာပေးပါတယ်တဲ့။ အထဲမှာ ဘယ်လောက်ရယ်လို့တော့ ကျနော်က မသိနိုင်ဘူး။ ဒါပေမယ့် အဲဒါကို မိဘများကလည်း ငြင်းပယ်လိုက်တယ်၊ မယူဘူး။ သမီးတွေရဲ့ လုပ်ငန်းဆိုင်ရာအားလုံးက ရုံးချုပ် ကေဘီစီ ရုံးကပဲ ဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့ သူတို့ရဲ့ အကြောင်းကြားခြင်းတစုံတရာ မရှိဘဲနဲ့ သူတို့ မယူနိုင်ဘူးလို့ ငြင်းပယ်လိုက်တယ်လို့ ကြားရတယ်ဗျ။”

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မြန်မာ့တပ်မတော်ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေမှုတွေ ကျယ်ပြန့်နေပြီး အရေးယူမှုမှ ကင်း လွတ်ခွင့်စနစ်ကို အဆုံးသတ်ဖို့ မနှစ်နှစ်ဆန်း က အစီရင်ခံစာထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ကာလကစပြီး တပ်မတော်ရဲ့ အဓမ္မ ပြုကျင့်တာခံရတဲ့ အမျိုးသမီး အမှုပေါင်း ၁၀၀ ကျော်ကို တင်ပြရာမှာ အမှု ၄၇ ခုဟာ အုပ်စုလိုက်ပြုကျင့်မှုတွေဖြစ်ပြီး ကျူးလွန်ခံရသူတွေထဲမှာ အသက် ၈ နှစ်အရွယ်ပင် ပါဝင်တာကို ဖော်ပြခဲ့ပါတယ်။၊ အမျိုးသမီး ၂၈ ဦးဟာ သတ်ဖြတ်ခံရ သို့မဟုတ် ဒဏ်ရာများရ သေဆုံးခဲ့ကြောင်နဲ့၊ ကျူးလွန်သူတွေဟာ အစိုးရ စစ်တပ် တပ်ရင်း ၃၈ ရင်း ပါဝင်ပြီး တချို့စစ်တပ်တွေက အကြိမ်ကြိမ် ကျူးလွန်ကြောင်း ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013