
အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ ဂယက်ရိုက်ခတ်မှုတွေ အလုံးစုံ မငြိမ်သက်သေးချိန်မှာပဲ တရုတ်နဲ့ ဂျပန်ကြား ခရီးသွားလာမှု ပြန်လည်ဦးမော့လာတာကြောင့် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က အနီးကပ် စောင့်ကြည့်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။
ဒါကြောင့် ၂၀၂၆ ဒုတိယနှစ်ဝက်အတွင်း ထိုင်းနိုင်ငံဆီလာမဲ့ တရုတ်ခရီးသွားဈေးကွက်ကို ထိခိုက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။
တရုတ်ခရီးသွားအေဂျင်စီတချို့ဟာ ဇူလိုင်လနဲ့ ဩဂုတ်လတွေအတွက် ဂျပန်ခရီးစဉ်တွေကို ပြန်လည်ရောင်းချနေတယ်လို့ သိရပါတယ်။
ဒီအပေါ် ဈေးကွက်ဗျူဟာတွေ ပြင်ဆင်သွားမယ်လို့ TAT ရဲ့ တာဝန်ရှိသူ ပတ်ထရာနောင်းနာ ချင်းမိုင်က ဆိုပါတယ်။
“တရုတ်အုပ်စုလိုက် ခရီးသွားတွေကို ဂျပန်က ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်ရင် ဂျပန်ဟာ လူကြိုက်များတဲ့နေရာ ဖြစ်လို့ ထိုင်းခရီးသွားလုပ်ငန်း အတိုင်းအတာတခုအထိ ထိခိုက်နိုင်ပါတယ်” လို့ ပတ်ထရာနောင်းက ပြောပါတယ်။
ဒါ့အပြင် အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့ခရီးသွားလာရေးကို အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
၂၀၂၆ ခုနှစ်အတွက် တရုတ်ခရီးသွားဝင်ရောက်မှု ခန့်မှန်းခြေကို ၅ သန်းအထိ TAT က လျှော့ချထားပါတယ်။
လေကြောင်းလိုင်းတွေအနေနဲ့လည်း ဆီစားသက်သာပြီး အမြတ်ရနိုင်တဲ့ တောင်ကိုရီးယားနဲ့ ဟောင်ကောင်လို အနီးအနားက ခရီးစဉ်တွေကိုသာ ပိုမိုရွေးချယ်လာကြပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်အထိ ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်ခရီးသွား ၂ ဒသမ ၅ သန်း ရှိခဲ့ပါတယ်။











