
ဘူရွန်ဒီနိုင်ငံကို ရောက်ရှိနေတဲ့ ကွန်ဂိုဒုက္ခသည်တွေကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ဘက်ခြမ်းကို ပြန်လည်ပို့ဆောင်တဲ့လုပ်ငန်း စတင်နေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က M23 တိုက်ခိုက်ရေးသမားတွေဟာ ယူဗီရာမြို့ကို သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း လူအများအပြား ဘူရွန်ဒီနိုင်ငံထဲကို ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ဘူရွန်ဒီနိုင်ငံ ရုယီဂီ ပြည်နယ်ထဲ က ဘူဆူမာ ဒုက္ခသည်စခန်းမှာ ကွန်ဂိုနိုင်ငံသား ၆၆,၀၀၀ လောက် ခိုလှုံနေကြတာလို့ UNHCR ဘူရွန်ဒီက ဆိုပါတယ်။
ဒုက္ခသည်စခန်းထဲမှာ နေထိုင်ရတဲ့ အခြေအနေတွေ ဆိုးရွားလွန်းတာနဲ့ အခြေခံဝန်ဆောင်မှုတွေ မလုံလောက်တာကြောင့် ဒုက္ခသည်တွေဟာ သူတို့အိမ် သူတို့ပြန်ချင်တယ်ဆိုပြီး ရက်အတော်ကြာ ဆန္ဒပြတောင်းဆိုခဲ့ကြတာကြောင့် အခုလို နေရပ်ပြန်ပို့ပေးတာဖြစ်ပါတယ်။
နေရပ်ပြန်မယ့်သူတယောက်ဖြစ်သူ ဘာဟာတီ မွန်ဂိုလီ အီဒရို က “ဒီမှာက ဘဝက တကယ့်ကို ခက်ခဲပါတယ်။ အကူအညီတချို့ ရပေမဲ့ လိုအပ်တာတွေက အများကြီးပဲ။ အခု ကိုယ့်အိမ် ကိုယ်ပြန် ရတော့မယ်ဆိုတော့ ပျော်သွားပြီ” လို့ ပြောပါတယ်။
နောက်ထပ် ဒုက္ခသည်တယောက်ဖြစ်တဲ့ အဲလစ် ဆီလီမာနီ ကလည်း “ဒီမှာက ဒုက္ခသည်အရေ အတွက် အရမ်းများတော့ ကူညီပေးတဲ့ သူတွေတောင် မနိုင်မနင်း ဖြစ်နေကြတာ” လို့ ပြောပါတယ်။
UNHCR ကတော့ ဒီလိုနေရပ်ပြန်ပို့မှုဟာ သူတို့ရဲ့ ကိုယ်ပိုင်သဘောဆန္ဒအလျောက်ပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဘူရွန်ဒီ၊ ကွန်ဂို အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော်ကာ ကွန်ဂိုအရှေ့ပိုင်းဆီ လုံခြုံရေးအစောင့်အရှောက်တွေနဲ့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။
UNHCR ဘူရွန်ဒီ ကိုယ်စားလှယ် ဘရစ်ဂျစ် မူကန်ဂါ အီနိုက “ပထမဆုံးနေ့မှာ လူပေါင်း ၄၇၀ ကို စတင်ပို့ဆောင်ခဲ့ပါတယ်။ နောက်အပတ်ကစပြီး အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တိုင်း လူ ၁,၀၀၀ ပါတဲ့ ယာဉ်တန်းတွေ စီစဉ်ထားပါတယ်။ ပြန်ချင်တဲ့သူတွေ အားလုံးပြန်သွားတဲ့အထိ ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။
ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးနိုင်ဖို့နဲ့ သူတို့ပြန်သွားတဲ့အခါ အခြေတကျ ပြန်လည်နေထိုင်နိုင်ဖို့ ရန်ပုံငွေ အခက်အခဲရှိနေတယ်လို့ UNHCR ကိုယ်စားလှယ်က ပြောပါတယ်။
"အခုလောလောဆယ် ကျမတို့မှာ အရင်းအမြစ်တွေ မရှိသေးပါဘူး။ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့ အလှူရှင်တွေနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေ ကူညီပေးကြပါ။”
Source:Reuters











