DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေးအတွက် နေထိုင်စားသောက်စရိတ် ကောက်ယူခြင်းဖြစ်
DVB
·
January 28, 2015
အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေးအတွက် နေထိုင်စားသောက်စရိတ် ကောက်ယူခြင်းဖြစ်
Donate to DVB

နေထိုင်စားသောက်မှုစရိတ် ကောက်ခံနေတာဟာ အခွန်ကောက်ဖို့မဟုတ်ဘဲ အနိမ့်ဆုံးလုပ်ခ သတ်မှတ်နိုင်ရေးအတွက် ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

ဇန်န၀ါရီ ၂၆ ရက်ကစလို့ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် တနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်ပေါင်း ၁၀၀ ကျော်က အိမ်ထောင်စုပေါင်း ၂၀၀၀၀ ကျော်ကို နေထိုင်စားသောက်မှုစရိတ်တွေ တပြိုင်နက်ကောက်ယူနေတဲ့အပေါ် ပြည်သူတွေက စိုးရိမ်မှုတွေ ဖြစ်နေတာပါ။

အလုပ်သမားဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဌေးဝင်းက “ရည်ရွယ်ချက်ကိုက နေထိုင်းစားသောက်မှုစရိတ်ကို ကောက်ယူမယ်။ အဲ့ဒီကနေ ရရှိလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့မှ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်တဲ့အခါ အထောက်အကူပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ နောက်ပြီး သင်တန်းပေးကတည်းက တခါတည်း ပြောပါတယ်။ ဒီကွင်းဆင်းပြီး ဆာဗေးကောက်တာဟာ ၀င်ငွေတို့၊ အသုံးစရိတ်တို့ကောက်ခြင်းဟာ အခွန်ကောက်ဖို့ လုံးဝ မသက်ဆိုင်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ လုပ်သားထုတရပ်လုံးနဲ့ သက်ဆိုင်တာမို့ သေချာလေးဖြေပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်” လို့ ပြောပါတယ်။

နေထိုင်စားသောက်မှု စရိတ်ကောက်ခံတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် ၇ ယောက်ပါဝင်ပြီး အလုပ်သမားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး၊ အလုပ်ရှင်၊ အလုပ်သမား စတဲ့သူတွေလည်း ပါဝင်ပါတယ်။

နေထိုင်စားစရိတ်ကောက်ယူတဲ့နေရာမှာ တနေ့စားတဲ့ အစားအစာနဲ့ ကုန်ကျငွေ၊ တနေ့စားတဲ့ အစားအစာထဲမှာပဲ တာရှည်ခံအစားအစာ စားသောက်မှုနဲ့ ကုန်ကျစရိတ် စသဖြင့် အပိုင်း ၅ ပိုင်း ပါဝင်ပြီး လျှောက်လွှာ စာမျက်နှာ ၁၉ မျက်နှာလောက် ကောက်ယူနေတာဖြစ်ပါတယ်။

နေပြည်တော်၊ မြို့နယ်အားလုံးမှာ ဇန်န၀ါရီ ၂၆ ရက်ကစတင်ပြီး နေထိုင်စားစရိတ်ကာက်ယူနေရာမှာ ဖြေဆိုရတဲ့ အချက်အလက်များတာကြောင့် စိုးရိမ်စိတ်ရှိနေကြတာလို့ ဒေသခံသတင်းသမား ကိုကျော်ဇေယျက ပြောပါတယ်။

“မေးခွန်းတွေများလို့ တချို့တွေ ဖြေရတာ စိတ်ညစ်နေကြတယ်။ တချို့တွေကျတော့လည်း လန့်နေကြတယ်။ ကောက်တဲ့သူတွေက ကောက်ရတဲ့အကြောင်းရင်းကို ရေရေလည်လည်ရှင်းမပြဘဲ မေးခွန်းတွေချည်းမေးတော့ နည်းနည်း ယုံထင်ကြောင်ထင်ဖြစ်သွားပြီး ၀င်ငွေခွန်ကောက်မယ်ဆိုတဲ့ အသံလည်း ထွက်ထားဖူးတော့ အခွန်ထောင်းလေမလားဆိုတဲ့ သံသယဖြစ်နေကြတာပေါ့။”

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကတော့ နေထိုင်စရိတ်ကောက်ခံတဲ့နေရာမှာ တရပ်ကွက် အိမ်ထောင် ၅ လုံးနှုန်းနဲ့ကောက်ယူနေတာ တွေ့မြင်နေရပြီး ဒီစရိတ်ကောက်ယူမှုနဲ့ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“နေထိုင်စားသောက်စရိတ်ဆာဗေးကောက်တာက အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ဖို့ အခြေခံလိုအပ်ချက်ဗျ။ ကျနော်တို့ ၂၀၁၃ ခုနှစ်တုန်းက ဆာဗေးတခုလုပ်ခဲ့တုန်းက မိသားတစု လူမှုဘ၀ ကုန်ကျစရိတ်က မိသားစု ၃ ဦး အနိမ့်ဆုံးကုန်ကျစရိတ်က ၁၈၁၄၀၀ ရှိတာ တွေ့ရတယ်။ ဒီနေ့အနေအထားအရဆို ကျွမ်းကျင်လုပ်သားတယောက်ရှိတဲ့ မိသားစုဟာ ၀င်ငွေ ကျပ် ၂ သိန်းအောက်ရှိရင် အဆင်မပြေဘူးဗျ။ ဒီနှစ်ထဲ အနိမ့်ဆုံးလုပ်ခလစာ မသတ်မှတ်နိုင်ရင် အလုပ်သမားတွေ ဒုက္ခရာက်ကြပါလိမ့်မယ်။ အခုဆို လွှတ်တော်အမတ်တွေလည်း လစာတိုးလိုက်ပြီ၊ ၀န်ထမ်းတွေ လာမယ့်ဧပြီ လစာတိုးပေးဖို့လည်း လုပ်နေပြီ၊ တပြိုင်တည်း ကုန်ဈေးနှုန်းတွေလည်း တက်လာတော့မယ်။”

နေထိုင်စားသောက်စရိတ်ကောက်ယူရာမှာ ရပ်ကွက်ထဲရှိ အိမ်ထောင်စုတွေအနက် ဆင်းရဲ ချမ်းသာမျှပြီး စာရင်းကောက်နေတာတွေ့ရတယ်လို့လည်း ပြောပါတယ်။

အလုပ်သမားအနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်နိုင်ဖို့အရေး ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနအပေါ် ဖိအားပေးမှုတွေ ရှိခဲ့ပြီး လုပ်ခဥပဒေထုတ်ပြန်ခဲ့ပြီးကတည်းက ၂ နှစ်နီးပါးကြာမြင့်ချိန်အထိ လုပ်ခလစာသတ်မှတ်နိုင်ခြင်းမရှိ ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013