
စစ်တပ်ယူနီဖောင်းကြောင့် စစ်အာဏာရှင်တပ်က ဖွင့်လှစ်တဲ့ လှည်းကူးမြို့ ရဲမွန် အမှတ် ၁ လူငယ်သင်တန်းကျောင်းမှာ ကျောင်းအပ်သူ မရှိသလောက် နည်းပါးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရဲမွန် အမှတ် ၁ လူငယ်သင်တန်းကျောင်းမှာ မေ ၂၂ ရက်ကစပြီး ကျောင်းအပ်လက်ခံနေပေမဲ့ စစ်တပ် ယူနီဖောင်းပုံစံတူ ကျောင်းဝတ်စုံတွေ ထုတ်ပေးနေတာကြောင့် ကျောင်းမအပ်ရဲကြတာလို့ အင်းတိုင်မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းက ကျောင်းနဲ့မတူဘဲ စစ်သင်တန်းနဲ့တူတယ်။ သင်ပေးမဲ့ ဆရာတွေကလည်း တပ်ကြပ်ကြီးတွေ၊ အရာခံဗိုလ်တွေ၊ မရှိဆင်းရဲသားတွေတောင် သွားမအပ်ကြဘူး။ အဆိုးဆုံးက ကျောင်းဝတ်စုံက စစ်တပ်ယူနီဖောင်းနဲ့ တူနေတာကြောင့် မိဘတွေက ကြောက်လန့်ပြီး မအပ်ရဲတာ။”
ရဲမွန်တပ်နယ်က မိဘတွေ ကြောက်လန့်မှုမရှိစေဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကူအညီတောင်းပြီး ဇရပ်ကွင်း တာဆုံနဲ့ လှည်းကူးမြို့မစျေး၊ သံလမ်း စတဲ့ လူစည်ကားတဲ့ နေရာတွေမှာ ပန်းဖလက်တွေဝေကာ စည်းရုံးပေးမဲ့ တပ်မိသားစုဝင်တွေတောင် လူငယ်သင်တန်းကျောင်းမှာ မထားကြောင်း ဇရပ်ကွင်းကျေးရွာနေသူတယောက်က DVB ကို ပြောပါတယ်။
“၂၄ ရက်ကတည်းက အဲဒီကျောင်းမှာတက်ဖို့ လှည်းကူးမြို့က လူစည်ကားရာ နေရာတွေမှာ ရဲမွန်တပ်က ပန်းဖလက်တွေ လိုက်ဝေနေတာ။ လူတွေက ပန်းဖလက်တော့ ယူတယ်။ ကျောင်းတော့ သွားမအပ်ဘူး။ ဘာလို့လဲဆိုတော့ တပ်မိသားစုဝင်တွေတောင် အဲဒီကျောင်းမှာ မထားဘူး။ အင်းတိုင် အထက်တန်းကျောင်းမှာပဲ တက်ကြတာ။ တပ်ကသူတွေတောင် အယုံအကြည်မရှိတာ အရပ်သား ပြည်သူက ဘယ်လိုလုပ်ပြီး ကျောင်းသွားအပ်မှာလဲ။”
အမှတ် ၁ လူငယ်သင်တန်းကျောင်းမှာ ကျောင်းတက်မဲ့ ၉ တန်းကနေ ၁၂ တန်းအထိ ကျောင်းသား ကျောင်းသူတွေကို တပ်သားတယောက်ရဲ့ လစာ ၃၀ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ ပေးမယ်ဆိုပြီး မက်လုံးပေးထားပေမဲ့ အာဏာရှင်စစ်တပ်အပေါ် ကျောင်းသားမိဘတွေက ယုံကြည်မှု မရှိတာကြောင့် ကျောင်းမအပ်ကြတာလို့ သိရပါတယ်။
ဧပြီ ၉ ရက်က တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ စစ်သည်တွေ၊ အငြိမ်းစား အရာရှိ၊ စစ်သည်နဲ့ ကျဆုံးသွားတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သားသမီးတွေအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ လူငယ်ပညာရေးသင်တန်းကျောင်းကို ဖွင့်လှစ်ဖို့ ပြောဆိုပြီးနောက် သင်တန်းကျောင်းတွေ ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။
မူလက ရန်ကုန်နဲ့ နေပြည်တော်မှာ အမှတ် ၁၊ အမှတ် ၂ သင်တန်းကျောင်းကို ဖွင့်ဖို့ စီစဥ်ခဲ့ပေမဲ့ မေ ၃ ရက်နေ့မှာ တောင်ငူ၊ မိတ္ထီလာ၊ မြိတ်၊ အောင်ပန်း၊ ပုသိမ်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ စစ်တွေ၊ လားရှိုး၊ မုံရွာနဲ့ ကျိုင်းတုံမြို့မှာ အမှတ် ၃ ကနေ အမှတ် ၁၃ အထိ အာဏာရှင်စစ်တပ်က ထပ်တိုး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။










