နာမည်ကြီး Kpop EXO အဖွဲ့ခေါင်းဆောင် SUHO မြန်မာပြည်လာမည့်အပေါ် ပရိသတ် ကန့်ကွက်

ရန်ကုန်မြို့၊ Eastern Yangon Event Parkမှာ ကျင်းပမဲ့ New Year Countdown ပွဲကို တောင်ကိုရီးယား နာမည်ကျော် Kpop အဖွဲ့တဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ SUHO ပါ လာရောက်မယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ရွှေနဒီရွှေရည်ရုပ်ရှင်ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
EXO အဖွဲ့ခေါင်းဆောင် SUHO ရဲ့ မြန်မာနိုင်ငံကို လာရောက်မဲ့ အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ EXO ပရိသတ်တွေက တောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပါတယ်။
New Year Countdown ပွဲကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်ည ကျင်းပမှာဖြစ်ပြီး မြန်မာပြည်တွင်းက နာမည်ကြီးအဆိုတော်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒီပွဲကို ဦးဆောင်စီစဉ်တဲ့ ရွှေနဒီရွှေရည်ရုပ်ရှင်ကုမ္ပဏီဟာ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်တာကြောင့် ဒီပွဲကို EXO-L တွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေသလို ကန့်ကွက်မှုတွေလည်း လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
စစ်အာဏာရှင်အသိုက်အဝန်းက ဦးဆောင်ကျင်းပမဲ့ ဖျော်ဖြေပွဲမှာ လာရောက်ဖျော်ဖြေတဲ့အခါ သူတို့ IDOL နိုင်ငံတကာမှာ ဂုဏ်သိက္ခာထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒီပွဲကို SUHO မလာဖို့အတွက် ကန့်ကွက်ရတာလို့လည်း ပရိသတ်တွေက ပြောပါတယ်။
EXO-L Voting Team Myanmar က ဦးဆောင်ပြီး EXO ပရိသတ်တွေက SUHO ရဲ့ ခရီးစဉ်ကို ဖြတ်သိမ်းပေးဖို့ လူမှုကွန်ရက်မှာ တောင်းဆိုမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် EXO အဖွဲ့ရဲ့ပင်မ Entertainment ဖြစ်တဲ့ ကိုရီးယားနိုင်ငံရဲ့ ဖျော်ဖြေရေးလုပ်ငန်းကုမ္ပဏီ SM Entertainment ကိုလည်း SUHO ရဲ့ လုံခြုံရေးကို ဦးစားပေးဖို့၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ထည့်သွင်းစဉ်းစားပေးဖို့၊ မြန်မာဖျော်ဖြေပွဲကို ပယ်ဖျက်ပေးဖို့၊ SM Entertainment ဘက်က တရားဝင် ထုတ်ပြန်ပေးဖို့ကို အွန်လိုင်းလက်မှတ်ထိုးတောင်းဆိုနေတာ တွေ့ရပါတယ်။
အဲ့ဒီ အွန်လိုင်းလက်မှတ်ထိုးကမ်ပိန်းကို နိုဝင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းအထိ EXO ပရိသတ် အယောက် ၂,၄၀၀ ကျော်က ဝင်ရောက်လက်မှတ်ရေးထိုးထားတာကိုလည်း တွေ့ရပါတယ်။
အခုလို EXO အဖွဲ့ဝင် မြန်မာနိုင်ငံလာမဲ့ ကိစ္စကို ကန့်ကွက်နေရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကို EXO ပရိသတ်တယောက်က “ကိုယ့်လူကို ကိုယ့်နိုင်ငံမှာ တွေ့ခွင့်ရမဲ့ အခွင့်အရေးကို မလာပါနဲ့ဆိုပြီး ပြန်ကန့်ကွက်နေရတာ စိတ်ထဲ တအားဝမ်းနည်းမိတယ်ပေါ့နော်၊ ပြီးတော့ သူတို့ ကိုယ့်နိုင်ငံလာဖို့ ဆိုတာ ကိုယ့်နိုင်ငံအခြေအနေအရ မျှော်လင့်မရတဲ့ အရာကြီးလေနော်။ ဒါမဲ့ ကိုယ်ချစ်ရတဲ့လူတွေရဲ့ ဆယ်စုနှစ်တခုကြာ တည်ဆောက်ခဲ့တဲ့ image ကို ဒီပွဲလေးတခုတည်းနဲ့ ပျက်စီးသွားမှာကို မလိုလားလို့။ တွေ့ချင်စိတ်ထက် သူတို့ image ကို ပိုတန်ဖိုးထားပြီး ရင်နာနာနဲ့ ခုလို ရွေးချယ်ခဲ့ရတယ်။ ပွဲစီစဉ်သူတွေက အာဏာသိမ်းအစိုးရ နဲ့ မကင်းတဲ့သူတွေဆိုတော့ သူတို့နဲ့ ဘယ်လိုမှ ဆက်ဆံဖြစ်လိုက်လို့ မရဘူးဆိုတာပဲ။ သိကြတဲ့အတိုင်း K Idol တွေဆိုတာ နိုင်ငံရေးတွေ ဘာညာနဲ့လည်း ကင်းရတယ်လေနော်၊ ပြီးတော့ သူတို့နိုင်ငံက ဒီမိုကရေစီနိုင်ငံ အဲတော့ လာလိုက်ရင် သက်ရောက်လာမဲ့ အကျိုးသက်ရောက်မှုက SUHO အပေါ်မှာရော သူ့ group ဖြစ်တဲ့ EXO အပေါ်ရော နိုင်ငံတကာမှာ ဘယ်လိုမှကောင်းမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ရင်နာနာနဲ့ပဲ ကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကိုရီးယားနိုင်ငံဘက်က မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကလည်း ဒီဖျော်ဖြေပွဲကို SM Entertainment ဘက်က ဖျက်သိမ်းပေးဖို့နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုနဲ့ ဆက်စပ်တဲ့သူတွေ ကျင်းပတဲ့ Countdown ပွဲတခုလုံးကို ပြည်သူတွေမတက်ဘဲ သပိတ်မှောက်ကြဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
စစ်အာဏာနဲ့ ဆက်စပ်သူတွေ စီစဉ်တဲ့ ဒီပွဲကြောင့် Idol တွေရဲ့ ဂုဏ်သိက္ခာကျဆင်းမှာ ဖြစ်တဲ့ အတွက် ဒီပွဲကို တက်ရောက်မဲ့ အစီအစဉ်ကို လုံးဝဖျက် သိမ်းပေးဖို့ ကိုရီးယားနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကနေတဆင့် တောင်းဆိုမယ်လို့ဆိုပါတယ်။
ပရိသတ်တယောက်ဖြစ်တဲ့ ကိုကျော်ဆန်းက “သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ အိတ်ဖွင့်ပေးစာပေးပို့မယ်၊ ပြီးတော့မှ သူတို့ဘက်က တုံ့ပြန်တဲ့အခြေအနေကိုကြည့်ပြီး ဆန္ဒပြပွဲအထိပါ လုပ်ဆောင်သွားမဲ့ အခြေအနေရှိပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကိုယ်ချစ်တဲ့ အနုပညာရှင်ကို လာမဲ့ပွဲကို မလာပါနဲ့လို့ တားဆီးနေရတာ ပရိသတ်တွေအတွက် အင်မတန်ကို နာကျင်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာကို ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ စစ်ကောင်စီလက်အောက်မှာ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးနေတယ်၊ ကျနော်တို့ရဲ့ ပျော်ရွှင်မှုထက် ပြည်သူတွေရဲ့ ခံစားချက် SUHO ရဲ့ ဂုဏ်သိက္ခာကို ပိုပြီးတော့ တန်ဖိုးထားလို့ တောင်းဆိုနေတယ်ဆိုတာကို သတင်းစကားပေးချင်တယ်။ SUHO အနေနဲ့လည်း မြန်မာပရိသတ်တွေရဲ့ အသံကို အများကြီးအလေးနက်ထားပြီး နားထောင်ပေးဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။
တောင်ကိုရီးယား KPOP အဖွဲ့ EXO ဟာ ၂၀၁၇ ခုနှစ် မေ ၆ ရက်မှာ မြန်မာနိုင်ငံမှာ ဖျော်ဖြေပွဲ တခုလုပ်ဆောင်ခဲ့ဖူးပြီး ပရိသတ်တွေအနေနဲ့လည်း သူတို့ရဲ့ Idol ကို နောက်တကြိမ် ထပ်တွေ့ချင်ပေမဲ့ Idol ရဲ့ ဂုဏ်သိက္ခာအတွက် ဒီခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေရတာလို့ EXO ပရိသတ်တွေက ပြောပါတယ်။
သီရိ











