DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်၏ အကျဉ်းထောင်ပညာရေး ဝါဒဖြန့်ချိမှုသက်သက်ဖြစ်
ဝေဝေ
·
July 1, 2026
၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်စာမေးကို အကျဉ်းထောင်တွင်း ဖြေဆိုစဉ် (Photo : Myanmar Prisons Department)
၂၀၂၀ ပြည့်နှစ်က တက္ကသိုလ်ဝင်စာမေးကို အကျဉ်းထောင်တွင်း ဖြေဆိုစဉ် (Photo : Myanmar Prisons Department)
Donate to DVB

အပြစ်မဲ့ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးထောင်ချ၊ အဓမ္မပေါ်တာဆွဲ စစ်မှုထမ်းခိုင်းနေတဲ့ စစ်အာဏာရှင်ဟာ တဖက်မှာတော့ အကျဉ်းထောင်အတွင်း ပညာရေးကို အားပေးနေတယ်ဆိုပြီး ထုတ်ပြန်နေတာဟာ ဝါဒဖြန့်ချိမှုသက်သက် ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ကျောင်းသားအဖွဲ့တွေက ဝေဖန် ပြောပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို) နဲ့ ကသာအကျဉ်းထောင် တို့ကနေ  ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့တဲ့ အကျဉ်းသား၊ အကျဉ်းသူ အားလုံး ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

ဒီထုတ်ပြန်ချက်ကို စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာတွေနဲ့ တယ်လီဂရမ်တွေမှာ  အကြိမ်ကြိမ် ထုတ်ပြန်ကာ အကျဉ်းထောင်တွင်း ပညာရေးကို ခွဲခြားမှုမရှိ အားပေးနေကြောင်း ဝါဒဖြန့်နေတာတွေလည်း ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေကတော့ ဒါဟာ အကျဉ်းထောင်အတွင်း ပညာရေးအခြေအနေကို ထင်ဟပ်တာမဟုတ်ဘဲ စစ်အာဏာရှင်ရဲ့ ပုံရိပ် တည်ဆောက်ရေး ဝါဒဖြန့်ချိမှုသာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရွှေသိင်္ဂီက “ကျောင်းသားတွေကို ရက်ရက်စက်စက် ဖမ်းဆီးထားတဲ့သူက ဒီလိုမျိုး ပညာရေးစနစ်ကို အားပေးနေပါတယ် ဆိုတဲ့ဟာက စစ်တပ်က အတုအယောင် ရွေးကောက်ပွဲကို လုပ်ပြီးသွားတဲ့ နောက်ဆက်တွဲအနေနဲ့ သူ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက်သာ ဒီလိုမျိုး ခေါင်းစဉ်တပ်ပြီးတော့မှ ထုတ်ပြန်တာလို့ မြင်ရတယ်။ တော်လှန်ရေးလုပ်လို့ ဆိုပြီး မတရားဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက ပညာရေး လေ့လာဖို့ နေနေသာသာ သူတို့ကိုယ်တိုင် လေ့လာချင်လို့ ပြင်ပမိသားစုဝင်တွေဆီကနေ မှာယူတဲ့ ဒီစာအုပ်တွေမှာ သူတို့ မလိုချင်တဲ့ အကြောင်းအရာ၊ သူတို့ မသိစေချင်တဲ့ အကြောင်းအရာ၊ သူတို့ မလေ့လာစေချင်တဲ့ အကြောင်းအရာတွေပါတဲ့ စာအုပ်တွေ ဆိုလို့ရှိရင် ကန့်သတ်ပိတ်ပင်မှုမျိုးတွေပါ လုပ်ထားတာမျိုး ရှိပါတယ်။ ကျမတို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာလည်း အမှုဆောင်တွေ အကုန်လုံးက ကျောင်းကနေပြီးတော့မှ ထုတ်ပယ်ထားပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးနဲ့ ပဋိပက္ခတွေကြားထဲမှာ လူငယ်မျိုးဆက်တွေ ပညာရေး အဆက်မပြတ်သွားဖို့ လိုအပ်ပြီး လွတ်လပ်ပြီး မျှတတဲ့ ပညာရေးစနစ်ကို တော်လှန်ရေးတရပ်လုံးကပါ အားပေးထောက်ခံဖို့ လိုအပ်ကြောင်းကိုလည်း ဖြည့်စွက်ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ အပြင်စာပေ လေ့လာဖို့တောင် အခက်အခဲတွေရှိနေတဲ့ အခြေအနေမှာ ထောင်တွင်းပညာရေး အားပေးတယ်ဆိုတာ ခွဲခြားခံရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

ထောင်တွင်းပညာရေးကို လုံးဝအယုံအကြည်မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း  ဥပဒေပညာကျောင်းသားတယောက်က ထောင်တွင်းအတွေ့အကြုံတွေကို ပြောပြပါတယ်။

“ထောင်ထဲမှာ ကျောင်းပြန်တက်ဖို့ ကျနော် မတွေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျောင်းပညာရေးက စစ်ကျွန်ပညာရေး ဖြစ်နေတယ်။ ပြီးတော့ ထောင်ထဲမှာက ဟန်ပြဓာတ်ပုံရိုက်တဲ့ ပညာရေးပဲ ရမှာ။ အဲဒါကြောင့်မို့လို့ ကျောင်းပြန်ဆက်တက်ဖို့ အတွေးတောင် မရှိခဲ့ဘူး။ ထောင်တွေထဲမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့်ဆိုတာ မရှိဘူး။ နိုင်ငံရေးအရ ဟန်ပြလုပ်မှုတွေပဲ ရှိတယ်။ ပညာမတတ်လို့ တော်လှန်ရေးလုပ်တာဆိုတဲ့ ပုံစံမျိုးကို ပြဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေထဲက ပညာမတတ်တဲ့သူ စာရင်းတွေ၊ အတန်းပညာ ဘယ်လောက်ရှိလဲဆိုတဲ့ စာရင်းတွေကို သူတို့ ခဏခဏ ကောက်တယ်။ ဒါပေမဲ့ သူတို့ ဘာမှ မလုပ်ပေးဘူး။ သူတို့က ဘယ်လောက်ထိ ဆိုလဲဆိုရင် သူတို့ဘာသာ သူတို့လုပ်တဲ့ “အ”သုံးလုံး သင်တန်းတွေမှာတောင်မှ ဖွင့်ပွဲပဲ လုပ်တယ်၊ ဓာတ်ပုံရိုက်တယ်၊ ပြီးသွားရင် ပြန်သွားတယ်။ သူတို့ ဘာမှ ဆက်မလုပ်ပေးဘူး။”

စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ပညာသင်ကြားခွင့်နဲ့ စာရေး၊ စာဖတ်ခွင့်တွေ ဆုံးရှုံးနေတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အလုပ်အမှုဆောင် ဦးအောင်မျိုးကျော်က ပြောပါတယ်။

“အကျဉ်းထောင်ထဲမှာ ပညာရေးနဲ့ပတ်သက်ပြီး အားပေးတယ်လို့ ပြောရအောင် ထောင်ထဲမှာမဟုတ်ဘဲနဲ့ အပြင်မှာရှိနေတဲ့ ကျောင်းသား ကျောင်းသူတွေကိုရော တကယ် ပညာရေးနဲ့ပတ်သက်ပြီး အားပေးလို့လား ဆိုတဲ့ဟာကို ကျနော်တို့ ချင့်ချိန်ဖို့ လိုလိမ့်မယ်။ နောက်တခုက ကျနော်တို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆိုလို့ရှိရင် ပညာသင်ကြားခွင့် မပြောနဲ့၊ ကျနော်တို့ စာဖတ်ခွင့်တောင် ရှိတာ မဟုတ်ဘူး။ အိမ်ကို စာရေးခွင့်တောင် မရှိဘူး။ ဘောပင်၊ စာရွက်ကိုင်ခွင့်တောင် မရှိဘူး။ တကယ် ထဲထဲဝင်ဝင် ဝင်ကြည့်လိုက်လို့ရှိရင် ဒါက ဟုတ်မနေဘူးဆိုတာ သိတာပဲ။ တနိုင်ငံလုံးမှာရှိတဲ့ ထောင်တွေမှာ ဆိုလို့ရှိရင် လက်ချိုးရေလို့ရတယ်။ ထောင်ထဲကနေပြီးတော့ ပညာသင်ခွင့် ရတယ်ဆိုတာ။ အင်းစိန်မှာဆိုရင်တော့ ထောင်ထဲမှာ ကျောင်းရှိတယ်။ ဒီ NLD အစိုးရလက်ထက်မှာလည်း အကျဉ်းသားတွေအတွက် ပညာရေးကို လမ်းဖွင့်ပေးတဲ့ ကိစ္စမျိုးတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာကတော့ အဲဒါတွေက တကယ်တမ်း ဘာမှ ရှိမနေပါဘူး။”

မြန်မာနိုင်ငံမှာ အကျဉ်းသားတွေအတွက် အခြေခံပညာသင်ကြားပေးတဲ့ အစီအစဉ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့ပြီး မန္တလေး ဗဟိုအကျဉ်းထောင်မှာတော့ ၂၀၁၃–၂၀၁၄ ပညာသင်နှစ်အတွက် အစိုးရ အခြေခံပညာအထက်တန်းကျောင်းနဲ့ ပူးပေါင်းပြီး အလယ်တန်းနဲ့ အထက်တန်းပညာရေးကို ပိုမို စနစ်တကျ သင်ကြားပေးတဲ့အစီအစဉ်ကို စတင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲကို တရားဝင် ဝင်ရောက်ဖြေဆိုခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013