
ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုး၊ အောင်ပန်း၊ တီကျစ်နဲ့ နောင်တရားဒေသကထွက်တဲ့ ပန်းမုန်လာ (ပန်းဂေါ်ဖီ)တွေ ဈေးကွက်ပျက်ပြီး ဝယ်သူမရှိသလောက် နည်းသွားတဲ့အတွက် လွှင့်ပစ် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ပန်းမုန်လာတပွင့်ကို ၁၅၀၀ ကျပ်ကနေ ၁၈၀၀ ကျပ်အထိ ရခဲ့ပေမဲ့ အခုတော့ ၅၀၀ ကျပ်ကနေ ၇၀၀ ကျပ်အထိ ကျသွားတယ်လို့ သိရပါတယ်။
အဲဒီလို စျေးကျသွားတာကြောင့် တောင်သူတွေအနေနဲ့ ရောင်းလို့ မကိုက်တော့ဘဲ လှူချင်ရင်လည်း သယ်ယူပို့ဆောင်ရေးစရိတ်တွေ ထပ်ကုန်သေးလို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒေသခံတောင်သူတယောက်က “စိုက်ပျိုးရေးလုပ်ပြီး ပြန်လွှင့်ပစ်ရတာပဲ ဖြစ်နေပါတယ်။ လှူချင်ရင်လည်း သယ်ယူဖို့ ဓာတ်ဆီခ၊ လူသယ်ခတွေ ထပ်ကုန်တယ်။ ရောင်းမယ်ဆိုရင်လည်း ဓာတ်ဆီခတောင် ပြန်မရတော့ဘူး။ အဲဒါကြောင့်ပဲ ခုလို လမ်းဘေးမှာ ပစ်ထားရတဲ့ အခြေအနေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဒီနှစ်မှာ စိုက်ပျိုးရေးအတွက် မျိုးစေ့၊ ဆေးဝါးနဲ့ လုပ်သားခတွေအပါအဝင် ကုန်ကျစရိတ်တွေ တိုးလာခဲ့ပေမဲ့ ထွက်လာတဲ့ ပန်းမုန်လာတွေကို စျေးကွက်မှာဝယ်သူနည်းပြီး စျေးလည်း နိမ့်နေတဲ့ အတွက် အမြတ်မရဘဲ အရှုံးဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။
ဒေသခံတောင်သူနောက်တယောက်က “စိုက်ထားတဲ့ကုန်ပစ္စည်းကို စျေးမရလို့ လွှင့်ပစ် လိုက်ရတာက တကယ်ကို နာပါတယ်။ အရင်ထက် ကုန်ကျစရိတ်တွေ အများကြီးတက်လာပြီး အခုတော့ သယ်ယူခတောင် မကြေတော့ဘူး။ ကုန်စိမ်းဆိုတော့ ကြာကြာသိုလှောင်ထားလည်း မရဘူးလေ၊ အဲဒါကြောင့် လွှင့်ပစ်ရတဲ့အထိ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။
ပန်းမုန်လာ တဧကကို စရိတ်သိန်း ၂၀ လောက်ကုန်ကျပြီး ကုန်စိမ်းဒိုင်ကိုပို့ဖို့ စရိတ်နုတ်လိုက်ရင် အရှုံးဖြစ်နေတာကြောင့် မရောင်းဘဲ လွှင့်ပစ်ရတာလို့ သိရပါတယ်။
ဒီလို ဈေးကွက်ပျက်ရတာဟာ ဒေသတွင်းမှာ ထုတ်လုပ်မှုများလာတာ၊ တခြားဒေသတွေက ကုန်စိမ်းတွေ ဝင်လာတာကြောင့် ပမာဏများလွန်းသွားတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ကြောင့် စျေးကွက်ချိတ်ဆက်မှု မကောင်းတာနဲ့ ဆိုင်တယ်လို့ ကုန်စိမ်းဒိုင်တွေက ဆိုပါတယ်။
ကုန်စိမ်းပွဲစားတယောက်က “မုန်လာပန်းတွေ ထွက်တာများပေမဲ့ တခြားဒေသတွေကို လွယ်လွယ် ကူကူ မပို့နိုင်ဘူး။ အဲဒါကြောင့် ပစ္စည်းတွေက ထွက်တဲ့နေရာမှာပဲစုပုံနေပြီး ဝယ်သူမရှိတော့လို့ စျေးကျသွားတာပါ” လို့ ပြောပါတယ်။
အရင်နှစ်တွေတုန်းကတော့ ပန်းမုန်လာဟာ စျေးကွက်မှာ လွယ်လွယ်ကူကူရောင်းနိုင်တဲ့ ကုန်စိမ်း ဖြစ်ခဲ့ပေမယ့် အခုတော့ ဝယ်လိုအားလျော့နည်းလာတာနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ကြောင့် တောင်သူတွေဟာ အရှုံးကို ကြုံလာရတာဖြစ်ပါတယ်။











