DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းများ တိုးပွားလာ
DVB
·
January 27, 2015
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းများ တိုးပွားလာ
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ တနင်္သာရီ၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက စစ်ကြောင်းလေးကြောင်း ခွဲပြီး ရန်ကုန်မြို့ကို ဦးတည်ချီတက်ဖို့ စုရုံးပြင်ဆင်နေကြပါတယ်။

988931_838445526193949_4716869998318723201_nဗကသများအဖွဲ့ချုပ်(မြေလတ်ဒေသ)နဲ့ တကသများကဦးဆောင်သော ဒီမိုကရေစီပညာရေး သပိတ် စစ်ကြာင်းဟာ ဒီနေ့ မနက်မှာ ပခုက္ကူတက္ကသိုလ်ရှေ့ကစတင်ပြီး ပခုက္ကူမြို့အတွင်းမှာ လှည့်လည်ဆန္ဒပြမယ်ဆိုတာ ကျောင်းသားထုကို အသိပေးဆော်သြခဲ့တယ်လို့ ကျောင်း သားတွေက ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုဇေယျာလွင်က “ပခုက္ကူတက္ကသိုလ်ရှေ့မှာ မနက်ဖြန်မနက် ကိုးနာရီကစပြီး ကျနော်တို့ သပိတ်မှောက်မယ်။ အဲဒါပြီးရင် ပခုက္ကူတက္ကသိုလ်အပါအ၀င် ပခုက္ကူက တက္ကသိုလ်တွေ လှည့်လည်ပြီးတော့ သပိတ်မှောက်မယ် ဟောပြောမယ်။ မြို့ထဲကို လှည့်လည် ဆန္ဒပြမယ်။ အဲဒါ မနက်ဖန်တရက်။ သန်ဘက်ခါကျရင်တော့ ပခုက္ကူလွပ်လပ်ရေးကျောက်တိုင်
ရှေ့က စပြီးတော့ ရန်ကုန်ထိ သပိတ်စစ်ကြောင်း ချီတက်မယ်။ ” လို့ ပြောပါတယ်။

ပခုက္ကူကနေ သပိတ်စစ်ကြောင်းကို ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည်မြို့ကို ဖြတ်ပြီး ရန်ကုန်မြို့ထိ ချီတက်မယ်လို့ဆိုပါတယ်။

မန္တလေးက ချီတက်လာတဲ့ ကျောင်းသားသပိတ်ကတော့ မနေ့က မြင်းခြံမြို့က ဂျီတီစီ ကျောင်းနဲ့ ကောလိပ်ကျောင်းကိုသွားရောက်စည်းရုံး လှုံဆော်ခဲ့ပြီး မြို့ခံလူထုတွေရဲ့ အားပေး ထောက်ခံမှုတွေ တော်တော်များများရရှိခဲ့တယ်လို့ ဒီသပိတ်အဖွဲ့မှာပါဝင်တဲ့ ကိုမင်းမင်းဇော်က ပြောပါတယ်။

“ဂျီတီစီ ရယ်၊ ကောလိပ်ရယ်သွားတဲ့အချိန် မြို့ထဲမှာ သွားရလာရတာ အင်မတန်ခက်တယ်။ မြို့ခံလူထုရှိနေတဲ့အတွက် ကျနော်တို့ လမ်းသွားရတာ အရမ်းနှေးတဲ့အတွက် မြို့ထဲက မထွက်ခင် ထမင်းစားချိန် လုံးဝ မရှိတော့တဲ့အတွက် မြို့ပြင်ထွက်မယ့်အစီစဉ်ကို ဖျက်လိုက်ရတယ်။ ည မြင်းခြံမှာပဲအိပ်ပြီး မနက် ၉ နာရီကျမှ တောင်သာကို ဆက်ထွက်ပါမယ်။”

ထားဝယ်မြို့က ဆန္ဒပြ ကျောင်းသားအဖွဲ့ကတော့ ဒီကနေ့ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ထားဝယ်မြို့ပေါ်က ကျောင်းတွေမှာ လက်ရှိ အမျိုးသားလွတ်တော်က အတည်ပြုထားတဲ့ ပညာရေး ဥပဒေပြန်လည်ပြင်ဆင်လိုစိတ် ရှိမရှိ ဆန္ဒသဘောထား လိုက်လိုက်ကောက်ခံမှုတွေ လုပ်နေ တယ်လို့ ကျောင်းသားခေါင်းဆောင် ကိုမင်းလွင်ဦးကပြောပါတယ်။

ဒီလိုမြို့တွင်းက ကျောင်းတွေမှာ စစ်တမ်းကောက်ယူပြီး ဆရာဆရာမတွေနဲ့ ပြန်လည်ဆွေးနွေး ဖို့ရှိပြီး မန္တလေးကနေဆင်လာတဲ့အဖွဲ့နဲ့ ပြန်လည်ပူးပေါင်းသွားမယ်လို့ ပြောပါတယ်။

“စစ်တမ်းကောက်မယ်။ ကျောင်းသားတွေကိုလည်း စည်းရုံးမယ်။ ဆွေးနွေးပွဲတွေလုပ်ရင်လည်း လုပ်မယ်။ အင်အားရ လာလို့ရှိရင် ကြာသာပတေးနေ့လောက် ပြန်ထွက်ဖို့အစီအစဉ်ရှိတယ်ဗျာ။ ရန်ကုန်ကိုလည်းသွားဖို့ အစီစဉ်ရှိပါတယ်။ အထက်က ဆင်းလာတဲ့လမ်းကြောင်းက ပဲခူးဘက်ကို ရောက်လို့ရှိရင် ကျနော်တို့ ပဲခူးဘက်မှာ တခါတည်းတက်ကြိုဖို့ စဉ်းစားထားတယ်။” လို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

ဧရာတီတိုင်း၊ ပုသိမ်၊ ဖျာပုံ၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ မြောင်းမြက တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေလည်း လာမယ့် ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ဧရာဝတီ သပိတ်စစ်ကြောင်းစထွက်ပြီး ရန်ကုန်မြို့ကို ချီတက်မယ်လို့ ဦးဆောင်မယ့် ကျောင်းသားခေါင်းဆောင် ကိုရဲဇာနည်က ပြောပါတယ်။

“ ၃၀ ရက်နေ့ ကျနော်တို့ ပုသိမ်မြို့တော်ခန်းမရှေ့ကနေ စထွက်မယ်ဗျာ။ ရန်ကုန်အထိပေါ့။ ပုံစံအမျိုးမျိုးသွားမယ်။ အဓိကတော့ လူထုရှိတဲ့နေရာမှာ လမ်းလျှောက်ချီတက်မှာပဲဗျာ။ တခြားပုံစံက ဥဗမာ ညဖက်တွေဖြစ်လို့ ကားအကူအညီလိုရင်တော့ ယူရမှာပဲဗျာ။ ဧရာဝတီစစ်ကြောင်းကို ကျနော်တို့ ဧရာဝတီတိုင်းက ကျောင်းသားတွေအားလုံးစုပြီးတော့ ကျောင်းသားအားနဲ့ စထွက်မှာပေါ့။ မြို့မိမြို့ဖ တောင်သူလယ်မားတွေကလည်း ဘေးကနေလိုက်ပြီး စောင့်ရှောက်မယ်ပြောတယ်ဗျာ။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ရာမှာ ကျောင်းသားတွေ တောင်းဆိုမှုကို အစိုးရက လိုက်လျောပြီး အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသုတက “လက်ရှိကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသားပညာရေးဥပဒေအပေါ်မှာ ဆန်ဒပြတာကို ကျနော်တို့ အြ့ပည့်အ၀ ထောက်ခံတယ်။ နောက်တချက်က ကျောင်းသားတွေ ဆန္ဒပြနေတဲ့အပေါ်မှာ အမျိုးမျိုး ဝေဖန် ပုတ်ခတ် ပြောဆိုမှုတွေကို အစိုးရက လုပ်လာတယ်။ ဥပမာ - ခရိုင်အုပ်ချုပ်ရေးမှူးတွေ ဘာတွေက ဆန္ဒမပြဖို့လို့။ ကျောက်ဆည်မှာဆို ဘုန်းကြီးကျောင်းမအိပ်ဖို့လို့ ဘုန်းကြီးကျောင်းကို ဖိအား ပေးတယ်။ အဲဒါမျိုးတွေ မလုပ်ဖို့။ အဲဒါကြောင့်မို့ အစိုးရအနေနဲ့ သပိတ်မှောက် ကျောင်းသားတွေအပေါ် မှာ အပြည့်အ၀ တာဝန်ယူရမယ်ဆိုတာ ကြေညာချက်ထုတ်တာပါ” လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်(အန်အန်အီးအာရ်)နဲ့ သပိတ်မှောက် ကျောင်းသား တွေရဲ့ ဒီမိုကရေစီ ပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ ရက်ပေါင်း ၆၀ အလွန်မှာ အစိုးရမှ တစုံတရာ တုံ့ပြန်လာခြင်း မရှိတဲ့အတွက် နဂို ကြေညာထားတဲ့အတိုင်း မန္တလေး - ရန်ကုန် ခရီးရှည်ချီတက် သပိတ်ကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်နိုဝင်ဘာလက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကြီးမှာ အမျိုးသား ပညာရေးဥပဒေဟာ ဆိုးဝါးနေတဲ့ပညာရေးစနစ် ဟောင်းကို ပြောင်းလဲ ပြင်ဆင်နိုင်မှာ မဟုတ်ဘဲ ယခင်အတိုင်း ဆက်လက်ဆိုးဝါးလာနိုငတယ်လို့ သုံး သပ်ခဲ့ကြပြီး သပိတ်မှောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013