DVB Logo
Home
မြန်မာသတင်း
ဖားကန့်၊ လုံးခင်းကျေးရွာအနီး တိုက်ပွဲပြင်းထန်
ဟန်န
·
May 4, 2026
ဧပြီလဆန်းပိုင်းက ဖားကန့်မြို့နယ်ထဲက စစ်တပ် တပ်စွဲနေရာကို KIA တိုက်ခိုက်သိမ်းစဉ်။ (Photo: စစ်ရေးသတင်းရင်းမြစ်)
ဧပြီလဆန်းပိုင်းက ဖားကန့်မြို့နယ်ထဲက စစ်တပ် တပ်စွဲနေရာကို KIA တိုက်ခိုက်သိမ်းစဉ်။ (Photo: စစ်ရေးသတင်းရင်းမြစ်)
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF ပူးပေါင်းတပ်တွေက မေ ၄ ရက် ဒီမနက် ၆ နာရီလောက်ကစတင် သွားရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

“ဖားကန့်မှာက ဒီနေ့ လုံးခင်းဆေးရုံကုန်းနဲ့ သင်္ဂါဟနာရေးကူညီမှုအသင်းရယ်၊ နမ္မဖစ်ရွာပေါ့နော် အဲဒီတဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရယ်၊ မင်းဇေသန့်ပြည်သူ့စစ်ရယ်၊ (ဒူးလေး) လီဆူပြည်သူ့စစ်ရယ်၊ ဇခုန်တိန့်ယိန်းရဲ့ အထူးဒေသ (၁) ပြည်သူ့စစ်ရယ်၊ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်းစစ်ကြောင်းတွေပေါ့။ ဒီကောင်တွေကို KIA, KPDF ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်နေတယ်။ အဲဒါကြောင့် လုံးခင်းတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ပြီးရင် ဖားကန့် တပ်မကုန်းကလည်း လက်နက်ကြီးရမ်းသန်းပစ်ခတ်တဲ့အတွက် ကုဋေရွာနဲ့ လယ်ပြင်လမ်းဆုံနဲ့ လုံးခင်းရွာထဲမှာ လက်နက်ကြီးကျလို့ ပြည်သူတွေ ထိခိုက်တာတွေ ရှိတယ်။”

လုံးခင်းဆေးရုံဟောင်းဝင်းမှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကစတင်ပြီး ဝင်ရောက်တပ်စွဲနေထိုင်နေတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်တပ်ရဲ့ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကုဋေရွာနဲ့ လယ်ပြင်ရပ်ကွက်က လူနေအိမ်တွေပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတယောက်နဲ့  ကလေးငယ်တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက် အရပ်သားပြည်သူတွေက ထိခိုက်သေဆုံးမှုတွေလည်း ခပ်စိပ်စပ်ရှိနေတယ်လို့ ဖားကန့်ဒေသခံတယောက်က ပြောပါတယ်။

“ဆေးရုံကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လွန်ခဲ့တဲ့ ၄-၅ ရက်ကလည်း ပြည်သူ ၄ ယောက်ကို ပစ်သတ်ထားတာ။ အာ့ဆိုရင် ဖားကန့်မှာက စစ်ကောင်စီက ပြည်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်၊ သေနတ်နဲ့ပစ်သတ်နေတဲ့အတွက်ကြောင့် ပြည်သူသေဆုံးတာ ၁၂၅ ယောက် ကျော်သွားပြီ။ ပြီးရင် ပြည်သူတွေ ထိခိုက်တာလည်း ၃၆၀-၃၇၀ နီးပါး ရှိနေပြီ။ ဖားကန့်ပြည်သူတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်။ ပြီးရင် လုံးခင်းမှာရှိနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာပစ္စည်းတွေကို ဓားပြတိုက်ပြီး ယူတာတွေလည်း ရှိတယ်။ ဖားကန့်မှာက နေ့တိုင်းနီးပါး တောက်လျှောက် တိုက်ပွဲတွေ ရှိနေတယ်။ ပြည်သူတွေလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး ဒရုန်းတွေကို ကြောက်နေရတယ်။”

ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့လလောက်ကစတင်ပြီး တိုက်ပွဲတွေ မကြာခဏ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့အပြင် လက်ရှိအချိန်အထိ စစ်ရေးဆက်လက်တင်းမာနေပြီး လေကြောင်းတိုက်ခိုက် မှုတွေလည်း မကြာခဏရှိနေတာကြောင့် ဒေသခံတချို့ တိမ်းရှောင်နေရပါတယ်။

ဖားကန့်မှာ စစ်တပ်က ပြည်သူ့စစ်အင်အားတွေဖြည့်တင်းပြီးတော့ ဧပြီ ၇ ရက် နောက်ပိုင်း KIA ထိန်းချုပ်နေရာတွေကို တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး ဖားကန့်၊ လုံးခင်း၊ မှော်ဆီစာ ကျေးရွာ တလျှောက် စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသရဲ့ စစ်ရေးအခြေအနေအရ စစ်တပ်ဟာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖောက်နိုင်ဖို့ စစ်အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းခွဲကာ စစ်ရေးလှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013