
ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီ GMMTV က ရိုက်ကူးထုတ်လွှင့်မဲ့ “Scarlet Heart Thailand” ဇာတ်လမ်းတွဲမှာ မြန်မာ့ရိုးရာဝတ်စုံနဲ့ ယဉ်ကျေးမှုတွေကို အသုံးပြုထားတဲ့အပေါ် မြန်မာပြည်သူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပြီးနောက် GMMTV က တရားဝင် တောင်းပန်လိုက်ပါတယ်။
အောက်တိုဘာ ၂၃ ရက်က ထုတ်ပြန်ချက်အရ အဲဒီ ဇာတ်လမ်းတွဲမှာ ဖန်တီးထားတဲ့ ဥူလာဝီဆိုတဲ့ မြို့ဟာ စိတ်ကူးယဉ်နေရာတခုဖြစ်ပြီး၊ ဝတ်စုံနဲ့ အနုပညာ ဒီဇိုင်းတွေကိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း လန်နာဒေသ၊ တိုင်တိုင်းရင်းသားတွေ၊ တရုတ်နဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကနေ မှီငြမ်းပြီး စိတ်ကူးရယူ ဖန်တီးထားတာလို့ GMMTV က ဆိုပါတယ်။
မြန်မာ့ယဉ်ကျေးမှု အပါအဝင် ယဉ်ကျေးမှု တခုချင်းစီရဲ့ မူလဇာစ်မြစ်နဲ့ တန်ဖိုးကို လေးစားပြီး ဇာတ်လမ်းတွဲထဲက အစိတ်အပိုင်း အားလုံးကို ထိုင်းယဉ်ကျေးမှုအဖြစ် တင်ဆက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ဆိုပါတယ်။
ဒီဇာတ်လမ်းတွဲရဲ့ နမူနာဗီဒီယိုနဲ့ ကြော်ငြာပုံတွေမှာ မြန်မာ့ကုန်းဘောင်ခေတ် နန်းတွင်းဝတ်စုံတွေနဲ့ ရခိုင်ရိုးရာ ဆီမီးခွက် အကနဲ့ ဆင်တူတဲ့ မြင်ကွင်းတွေ ပါဝင်လာတာကြောင့် မြန်မာပရိသတ်တွေက ယဉ်ကျေးမှုအမွေအနှစ်တွေကို မှန်ကန်စွာ အသိအမှတ်ပြုဖို့နဲ့ ဝတ်စုံဒီဇိုင်းတွေရဲ့ မူလဇာစ်မြစ်ကို ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
အဲဒီဇာတ်လမ်းတွဲဟာ တရုတ်စာရေးဆရာမ Tong Hua ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတပုဒ်ဖြစ်ပြီး တရုတ်ရုပ်ရှင်စီးရီးမှာလည်း လူကြိုက်များခဲ့တဲ့အတွက် ကိုရီးယားရုပ်ရှင်စီးရီးအဖြစ် ပြန်လည်ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်ခဲ့တဲ့စီးရီးတခု ဖြစ်ပါတယ်။
အောက်တိုဘာ ၂၀ ရက်မှာ စတင်ခဲ့တဲ့ အွန်လိုင်းလက်မှတ်ရေးထိုး တောင်းဆိုမှုမှာလည်း အောက်တိုဘာ ၂၃ ရက်အထိ လက်မှတ်ရေးထိုးသူပေါင်း ၃၄,၀၀၀ ကျော်အထိ ရှိခဲ့သလို မြန်မာပြည်က နာမည်ကြီး အနုပညာရှင်တွေကလည်း သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ မြန်မာ့ယဉ်ကျေးမှု ရိုးရာဝတ်စုံတွေ ဝတ်ဆင်ရိုက်ကူးထားတဲ့ပုံတွေကို တင်နေကြပါတယ်။
“Scarlet Heart Thailand” ဇာတ်လမ်းတွဲကို လာမယ့် နိုဝင်ဘာ ၄ ရက်မှာ စတင်ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။











