DVB Logo
Home
Lead Story
အစိုးရက တရားဝင်ကမ်းလှမ်းတဲ့အထိ ချီတက်သပိတ်မှောက်မယ် - ကိုသီဟ၀င်းတင်
DVB
·
January 26, 2015
အစိုးရက တရားဝင်ကမ်းလှမ်းတဲ့အထိ ချီတက်သပိတ်မှောက်မယ် - ကိုသီဟ၀င်းတင်
1 / 4
Donate to DVB

ပြည်ထောင်စုအစိုးရက အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးဖို့ တရားဝင် ဆက်သွယ်ညှိနှိုင်းတဲ့အထိ ဆက်လက်ချီတက်မယ်လို့ မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းဟာ မြင်းခြံနည်းပညာကောလိပ်နဲ့ မြင်းခြံမြို့ရှိ ကျောင်းအားလုံးကို ချီတက်ပြီးနောက် မြင်းခြံမြို့မှ တောင်သာမြို့သို့ (မြင်းခြံ-တောင်သာ- ကျောက်ပန်းတောင် လမ်းပိုင်း အတိုင်း) ဆက်လက် ချီတက်မယ်လို့ ကြေညာထားပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ ဧရာဝတီတိုင်းဘက်က လာမယ့် သပိတ်စစ်ကြောင်းနဲ့ တနင်္သာရီတိုင်းဘက်က လာမယ့် သပိတ်စစ်ကြောင်းတို့နဲ့ ရန်ကုန်မြို့မှာ ပူးပေါင်းဖို့ စီစဉ် ထားတယ်လို့ ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းအတွက် ဒေသခံတွေက မြို့လုံးကျွတ် အားပေး ခဲ့ကြပြီး ရန်ကုန်မြို့ကနေ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူလည်း သွားရောက် ကူညီပေးနေပါတယ်။
ဒေသခံတွေက စားစရာ၊ နေစရာ၊ ဆေးဝါးကူညီမှုတွေနဲ့အတူ ငွေသားတွေပါ ကူညီ ထောက်ပံ့ကြပါတယ်။

ဒီသပိတ်စစ်ကြောင်းဟာ မန္တလေးကနေ မြစ်ငယ်၊ ပလိပ်၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မြစ်သားနဲ့ နွားထိုးကြီးစတဲ့မြို့တွေကို ဖြတ်သန်းရာမှာ ဒေသခံလူထုတွေက ကြိုဆိုကြပြီး စားသောက်နေ ထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့ကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေက တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ ရက်ပေါင်း ၆၀ အလွန်မှာ အစိုးရမှ တစုံတရာ တုံ့ပြန်လာခြင်း မရှိတဲ့အတွက် နဂို ကြေညာထားတဲ့အတိုင်း မန္တလေး - ရန်ကုန် ခရီးရှည်ချီတက် သပိတ်ကို ဇန်န၀ါရီ ၂၀ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ညှိနှိုင်းပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက်(အန်အန်အီးအာရ်)နဲ့ သပိတ်မှောက် ကျောင်းသား တွေရဲ့ ဒီမိုကရေစီ ပညာရေး ဖော်ဆောင်မှု ဦးဆောင်ကော်မတီတို့ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို တောင်းဆိုထားကြတာပါ။

မြင်းခြံမြို့ကို ရောက်ရှိနေတဲ့ သပိတ်စစ်ကြောင်းမှာ ပါတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနဲ့ ပြန်ကြားရေးကော်မတီဝင် ကိုသီဟ၀င်းတင်ကို ဒီဗွီဘီက ဒီမနက်မှာ ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို မြင်းခြံမြို့ခံ ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြလဲ။ မြင်းခြံမြို့မှာ တခြားဘာထူးလဲ။

“မြင်းခြံအနေနဲ့ ကြိုဆိုတာ အားရဖို့ ကောင်းတာပေါ့။ မြို့လုံးကျွတ်ပုံစံနဲ့ ကြိုဆိုတယ်။ ကျန်တာတော့ ထွေထွေထူးထူး မရှိပါဘူး။ အတားအဆီးအနှောင့်အယှက်ကတော့ ကျနော်တို့ မြင်းခြံ ရောက်တဲ့အချိန်မှာ ဘာမှ ပြသနာမရှိဘူး။ မြင်းခြံမရောက်ခင်အချိန်မှာ ကျနော်တို့ မြင်းခြံခရိုင်မှူးတို့ မြို့နယ်မှူးတို့ က လာပြီးတော့ တားတာတွေ ရှိတယ်။”

အခု ကျောင်းသားတွေ သွားမှာက တောင်သာနယ်ဆိုတော့ အဲဒီဘက်က အခြေအနေ (ဖေ့စ်ဘွတ်တွေအဆိုအရ အန္တာယ်တစုံတရာရှိနိုင်ဟု ပျံ့နှံ့နေ)နဲ့ ပတ်သက်လို့ သပိတ်စစ်ကြောင်းက ဘာတွေ ပြင်ဆင်ထားလဲ။ သပိတ်စစ်ကြောင်းကရော ကျောင်းသားအင်အား ဘယ်လောက်ရှိလဲ။

“အခုဆိုရင် သပိတ်စစ်ကြောင်းက လူ ၂၀၀ နီးပါးလောက်ရှိပြီ။ နောက်တခုက ကျနော်တို့က တောင်သာနယ်မှ မဟုတ်ပါဘူး။ ဒီတိုက်ပွဲကို စတိုက်ကတည်းက အသက်တွေ၊ ဘ၀တွေ အားလုံးကို ဂရုမစိုက်ဘဲနဲ့ ပေးဆပ်ပြီး တိုက်ပွဲဝင်တာဆိုတော့ တောင်သာနယ်နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ အဲဒါကို ပိုပြီးတော့ သေချာသွားအောင် အတွက် လည်း ကိုယ့်အသက်တွေ အားလုံး သပိတ်စစ်ကြောင်းမှာ ပါတဲ့ ကျောင်းသားတွေအကုန်လုံးက သရဏဂုံလည်း တင်ထားတယ်ဆိုတော့ တောင်သာလည်း ဂရုမစိုက်ဘူး။ ကျနော်တို့က ဘယ်လို အနေအထားမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ဖြစ်ချင်တဲ့တိုက်ပွဲကို ဖြစ်အောင်တော့ တိုက်သွားကြ ရမှာပဲလေ။ မြို့ခံတွေကလည်း ကျနော်တို့ကို လိုက်ပို့မယ် ပြောတယ်။ ၀န်းရံပြီး လိုက်ပို့ပေးကြမယ်။ ပြီးတော့ တချို့မြို့ခံကျောင်းသားတွေပေါ့နော်။ ကျနော်တို့ ဗကသ အဖွဲ့ဝင်တွေလည်း ပါတယ်။ တခြားဝိဇ္ဇာသိပ္ပံက ကျောင်းသားတွေလည်း ပါတယ်။ တခြား ဂျီတီစီကျောင်းသားတွေလည်းပါတယ်။ အဲဒါတွေကလည်း ၀န်းရံပြီး လိုက်ပို့ပေးမယ်လို့ ပြောတယ်။”

အဲဒီဘက်ကနေ ရန်ကုန်ဘက်ကို ပတ်ချီတက်မှာလား။ ခရီးစဉ်အခြေအနေက ဘယ်လိုလဲ။

“ဟုတ်ကဲ့။ ရန်ကုန်ဘက်ကို ပတ်ချီတက်မှာ ခင်ဗျ။ တောင်သာကနေ ၀ဲလောင်တို့၊ ကျောက်ပန်းတောင်းတို့ ညောင်ဦးတို့ပေါ့နော်။ အဲလိုဘက်ကနေပတ်ပြီး ရန်ကုန်ရောက်အောင် ချီတက်မှာ။”

လွန်ခဲ့တဲ့ရက်ပိုင်းက သမ္မတက ဒီဥပဒေကို ပြန်ပြင်ရေးမယ့်အကြောင်း ပြောတယ်။ လွှတ်တော်ဘက်ကရော အစိုးရဘက်ကရော တစုံတရာ သဘောတူတယ်ဆိုတော့ ဘာဖြစ်လို့ ဆက်လက်ချီတက်သပိတ်မှောက်တာဆိုတာ ဘယ်လိုရှင်းအောင် ပြောပြမလဲ။

“အဓိကကတော့ ကျနော်တို့အနေနဲ့ အစိုးရဘက်ကတော့ ရိုးသားဖို့လိုတယ်လို့ ပြောချင် ပါတယ်။ တကယ်လို့သာ ဒီဥစ္စာနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်ကရိုးသားတယ်ဆိုရင် ရက်ပေါင်း ၆၀ မှာကတည်းက ကမ်းလှမ်းဖို့အတွက်ကို ကျနော်တို့အနေနဲ့ ဆွေးနွေးမှုတံခါးကို ဖွင့်ထားတယ်။ အခုလည်း ကျနော်တို့ ဆွေးနွေးမှုတံခါးကို ဖွင့်ထားပါတယ်။ ပြီးတော့ ကျနော်တို့ ၁၁ ချက်ကိုလည်း တောင်းဆိုထားတာ ရှိပါတယ်။ ဒါပေမယ့် သမ္မတအနေနဲ့က သူက အဲလိုမျိုး စာတင်တာတို့။ လွှတ်တော်အနေနဲ့ ဒီလို ပြောပေမယ့် တရားဝင် ပြုလုပ်တာလည်း မရှိသေးသလို ကျနော်တို့ကို ကမ်းလှမ်းပြီးတော့ ဆွေးနွေးမှုတွေလည်း မရှိသေးပါဘူ။ တရားဝင်ကမ်းလှမ်းတာလည်း မရှိပါဘူး။ အဲဒီတော့ ဒါက ကျနော်တို့ရဲ့ သပိတ်စစ်ကြောင်းပေါ့နော်။ ဒါကို ရပ်တန့်သွားအောင် အာရုံလွှဲတဲ့ အနေအထားတခုလို့ပဲ ကျနော်တို့က မြင်တယ်လေ။ အဲဒီအတွက် ကျနော်တို့က ဒါကို သူတို့အနေနဲ့ မပြုလုပ် ပေးမချင်း ကျနော်တို့ကို ကမ်းလှမ်းမှု တရားဝင်မပြုလုပ်မချင်းတော့ ကျနော်တို့က ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေရမှာပဲပေါ့။”

အစိုးရဘက်က စေတနာမှန်ရင် ရက်ပေါင်း ၆၀ အတွင်းကမ်းလှမ်းရမယ်။ အခုလည်း ဆွေးနွေးဖို့ တံခါးဖွင့်ထားပေမယ့် မကမ်းလှမ်းသေးဘဲ လိုက်လျောထားတာပဲဆိုပြီး အစိုးရဘက်က ပြောနေတယ် အဲလိုဖြစ်နေတဲ့သဘောလား။ အစိုးရဘက်က လုံးဝ မကမ်းလှမ်းဘူးလား။

“ဘာမှကို မပြောတာ။ အဓိက ကျနော်တို့ ပြောချင်တာကပေါ့နော်။ ကြားက ပွဲစားတော့ မလိုဘူးပေါ့။ တခါ တခါကျလို့ရှိရင် သူတို့အနေနဲ့က ပြည်သူကြားထဲမှာ ချပြလို့ရအောင်ဆိုတဲ့ပုံစံမျိုးနဲ့ တခါတလေကျလို့ရှိရင် ပါမောက္ခချုပ်တို့ဘာတို့ကို လွှတ်တာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့တွေက မေးလိုက်လို့ ရှိရင် သူတို့အနေနဲ့က ဒါက သူတို့က နိုင်ငံသားအနေနဲ့ လာတာ၊ အစိုးရကို ကိုယ်စားပြုပြီးလာတာ မဟုတ်ဘူးဆိုတဲ့ ပုံစံပြောတော့ ကျနော်တို့အနေနဲ့ လက်ခံ ဆွေးနွေးတဲ့ အနေအထားမျိုးမှာ အရမ်းအခက်အခဲ ရှိပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သူ့နိုင်ငံပိုင်သတင်းစာမှာ ထုတ်ပြန်လိုက်တဲ့အနေအထားမျိုးမှာ ဒီလူ၊ ဒီလူတွေက လာဆွေးနွေး တယ်ဆိုပြီး ပြောတယ်။ အဲဒီလိုပုံစံမျိုးလေးတွေပေါ့နော်။ သတင်းကို ဟိုဘက်ဒီဘက် လှည့်တာရှိတယ်။ ကျနော်တို့အနေနဲ့က ‘တရားဝင်ကမ်းလှမ်းပါ’ ‘တရားဝင်ဆွေးနွေးပါ’ ‘ကျနော်တို့ လူထုအကြားမှာ ဆွေးနွေးမယ်။ ပြည်သူလူထုအကြားမှာ ဆွေးနွေးမယ်’ ‘ကျနော်တို့ကို လာဆွေးနွေးတဲ့သူကလည်း အစိုးရကို ကိုယ်စားပြုမှုရှိရမယ်’ ‘ကျနော်တို့ကလည်း ကျောင်းသားထုကို ကိုယ်စားပြုတဲ့သူနဲ့ ဆွေးနွေးမယ်’ ‘ပြည်သူလူထုရှေ့မှာဆွေးနွေးမယ်’‘မီဒီယာရှေ့မှာဆွေးနွေးမယ်’။ ကျနော်တို့က အဲဒီလို ကမ်းလှမ်းထားပါတယ်။ အဲဒီလို ကမ်းလှမ်းမှုမျိုးကို သူတို့ဘက်က တခါမှ မကမ်းလှမ်းတဲ့အတွက် ကျနော်တို့အနေနဲ့ ဆွေးနွေးဖို့ အခက်အခဲ အရမ်းဖြစ်နေပါတယ်။”

အခု အစိုးရဘက်က တစုံတရာလိုက်လျောမှုဟာ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ အချက်နဲ့ ဘယ်လောက်နီးစပ်သလဲ။ ဘယ်လောက်ကွာဟသလဲ။

“အခုထက်ထိ သူတို့အနေနဲ့ တရားဝင်ပြောတာမဟုတ်တဲ့အတွက် ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထား ရှိတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ကျနော်တို့တောင်းဆိုထားတာ ၁၁ ချက်ပေါ့နော်။ ၁၁ ချက်စလုံးကို mother law (ပင်မဥပဒေ) ထဲမှာ ပါမှ ရမယ်။ တချို့ကိစ္စလေးတွေကို သူတို့က နည်းဥပဒေထဲ ထည့်ချင်လား မသိဘူး။ ဘာဖြစ်လို့ mother law မှာ ပါမှ ရမယ်လို့ ပြောတာ လည်းဆိုတော့ အခြေခံဥပဒေကိုကြည့်ပြီးတော့ အဓိကပြောတာပါ။ အခြေခံဥပဒေ ကျနော်တို့ Mother Law မှာပါတဲ့ တချို့ဥစ္စာတွေက နည်းဥပဒေတွေနဲ့ ပြန်ချုပ်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ အများကြီးပဲ။ အခုဆိုလို့ရှိရင် အခြေခံဥပဒေက ဥစ္စာကို ကျနော်တို့ ကျောင်းသားတွေကိုယ်တိုင် ပြန်ခံစားနေရတယ်ပေါ့နော်။ ငြိမ်းစုစီ ဆိုတဲ့ပုံစံမျိုး ကျနော်တို့ အခြေခံဥပဒေ mother law ထဲမှာ ပါတယ်ဗျာ။ လွတ်လပ်စွာ စီတန်းခွင့်တို့၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်ဆိုတာ ပါတယ်။ ဒါ mother law ထဲမှာပါတယ်။ ဒါပေမယ့် ကျနော်တို့ကို ပြန်ချုပ်တာက နည်းဥပဒေအရ ပုဒ်မ ၁၈ ပုဒ်မ ၁၉ အရဆိုပြီး ပြန်ချုပ်တယ်။ အဲဒီအတွက် mother law တောင်မှ မသေချာတဲ့ အနေအထားမျိုးမှာ နည်းဥပဒေဆိုရင် ကျနော်တို့ အမျိုးသားပညာရေး ဥပဒေက သေချာမှာမဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့က Mother Law ထဲပါဖို့ အဓိကပြောတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ အခုထက်ထိ တရားဝင် တိတိကျကျ ပြောတဲ့ဥစ္စာမဟုတ်ဘဲ ပရိယာယ်တခုနဲ့ ကျနော်တို့ကို ဆက်ဆံနေတာ ဖြစ်တဲ့အတွက်၊ မရိုးသားတဲ့အတွက် ကျနော်တို့အနေနဲ့ ပြောဖို့ တော်တော်ခက်တယ်ဗျ။ သူ့အနေနဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်နဲ့ နီးစပ်တယ်၊ မနီးစပ်ဘူး ဆိုတာကိုပေါ့။”

အခု မန္တလေးက ချီတက်တဲ့စစ်ကြောင်းက တနင်္သာရီတိုင်း ထားဝယ်ဘက်က စစ်ကြောင်းနဲ့ ဘယ်လို ပေါင်းစပ်ကြမလဲ။

“အဓိကကတော့ ကျနော်တို့တွေ ဖုန်းတွေနဲ့ ပြောဖြစ်တာတွေပဲ ရှိတယ်။ ထားဝယ်ဘက်မှာကလည်း သူတို့ဘက်မှာကလည်း လှုပ်ရှားတာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ဘက်က ဘယ်အချိန် ရန်ကုန်ဘက်ကို ဘယ်လိုတက်မလဲ။ အဲဒါတွေတော့ တိုင်ပင်တုန်းပဲ ရှိတယ်။”

မန္တလေးကနေ မြင်းခြံအထိ ခရီးစဉ်အတွင်း ဒေသခံပြည်သူကျောင်းသားတွေရဲ့ အားပေးကူညီမှုအခြေအနေ ပြောပြပါ။
“ဒေသခံတွေရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုပြောရမလဲဆိုတော့ မြို့လုံးကျွတ်နီးပါးပါပဲ။ ကျနော်တို့ တခါမှ မကြုံဘူးတဲ့ဥစ္စာပေါ့နော်။ ကြုံဆုံရတာပေါ့။ တချို့ ဈေးရောင်းနေတဲ့ အဒေါ်ကြီးတွေဆိုရင် ရှိသမျှမုန့်တွေ ဈေးမရောင်းတော့ပဲနဲ့ ချကျွေးလိုက်တာတို့၊ ပြီးတော့ အသက်ကြီးတဲ့ အဖိုးကြီး၊ အဖွားကြီးတွေက ထွက်လာပြီးတော့ ပန်းကုန်းစွပ်တာတို့၊ မနေ့ညကဆို မြင်းခြံ ဆိုလို့ရှိရင် မြို့လုံးကျွတ် လုံးဝမကြုံဖူးတဲ့အနေအထားနဲ့ ကြုံတွေ့ရပါတယ်။ ကျောင်းသားပိုင်း ကကျတော့ တချို့မြို့တွေမှာ သာမန်ကျောင်းသားတွေပေါ့နော်၊ ဗကသ မဟုတ်တဲ့ ကျောင်းသားတွေ ထွက်လာတာ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ကျောင်းနဲ့ နှိုင်းယှဉ်ရင်တော့ နည်းတယ်လို့ ဆိုလို့ရတယ် ခင်ဗျ။ အဲဒါတွေကျတော့လည်း ဘာဖြစ်လို့လည်းဆိုတော့ တချို့ကိစ္စတွေက မိဘတွေရဲ့ စိုးရိမ်ပူပန်မှု ပေါ့နော်။ ပြီးတော့ အစိုးရနေပြီးတော့ ကျနော်တို့ကို အမြဲတမ်းပဲ တရားဝင်သူတို့အနေနဲ့ ထုတ်ပြန် ကြေညာမှု မရှိဘူး။ ဥပမာ အခြေခံဥပဒေဆိုရင် ပြည်သူသိအောင် ကြေညာပေးရမယ်။ အခု အမျိုးသားပညာရေးဥပဒေဆိုရင် ကျောင်းသားတွေ သိအောင် ကြေညာပေးရမယ်။ အဲဒီလို ကြေညာမှုမရှိတဲ့အတွက် တချို့တွေဆိုရင် ကျနော်တို့ ဘာကို ဆန္ဒပြလို့ ပြမှန်းမသိဘူး ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းရှေ့တွေမှာ ရှင်းပြလိုက်ရင်တော့ တချို့ကျောင်းသားတွေ တော်တော်များများထွက်လာပါတယ်။ ဒါပေမယ့် အစိုးရရဲ့ စနစ်တကျ ဖျက်ဆီးခံထားရမှုအောက်မှာတော့ အနည်းအကျဉ်းတော့ ၀င်နေတော့ ကျောင်းသားတွေ ထွက်ဖို့ အတွက်ကိုတော့ ကျနော်တို့ တော်တော်လေး ကြိုးစားနေရတယ်။”

[gallery ids="78764,78765,78766,78767"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013