
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC တို့ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
တရုတ်ကြားဝင်ညှိနှိုင်းမှုနဲ့ အပစ်ရပ်ထားတဲ့ မြောက်ပိုင်းအဖွဲ့တွေထဲက အင်အားကြီး အဖွဲ့တဖွဲ့ ဖြစ်တဲ့ MNDAA နဲ့ မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ဖြစ်တဲ့ NSPNC တို့ကြား နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ မြောက်ပိုင်းက နယ်မြေအများအပြားကို သိမ်းယူထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက မြန်မာစစ်တပ်နဲ့ နေပြည်တော်အထိ လာဆွေးနွေးတဲ့ ဒုတိယမြောက်အဖွဲ့လည်း ဖြစ်ပါတယ်။
NSPNC အဖွဲ့ဝင်တယောက်ရဲ့ ကိုယ်ရေးအရာရှိက “တွေ့မှာတော့ ဟုတ်တယ်။ ဘာတွေ ဆွေးနွေးမယ်တော့ ပြောလို့မရဘူး။ ကျနော့်လူကြီးတောင် တက်၊ မတက် ပြောလို့မရသေးဘူး” လို့ DVB ကို ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက TNLA အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ NSPNC တို့ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။
MNDAA အဖွဲ့ကို အထွေထွေအတွင်းရေးမှူး ဖုန်ဝင်းနိုင် ဦးဆောင်လာပြီး အခုတွေ့ဆုံမှုမှာ နယ်စပ်ကုန်သွယ်ရေး၊ နယ်မြေထိန်းချုပ်မှုတွေအပြင် တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းထွက်နေပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။











