ICJ စီရင်ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်ရန် ၁၄ နိုင်ငံ တောင်းဆို

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ သမိုင်းဝင် စီရင်ချက်ကို ဥရောပ၊ အာဖရိကနဲ့ သမုဒ္ဒရာပိုင်းဒေသက နိုင်ငံပေါင်း ၁၄ နိုင်ငံက အသိအမှတ်ပြုကြောင်း နိုဝင်ဘာ ၂၃ ရက်မှာ ပူးတွဲကြေညာလိုက်ပြီး ဒီစီရင်ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ် ။
ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ အက်စ်တိုးနီးယား၊ အိုက်စလန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယူးဇီလန်၊ ပေါ်တူဂီ၊ စပိန်၊ ဂမ်ဘီယာနဲ့ ယူကေ စတဲ့ ၁၄ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက အခုလို ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ၁၄ ယောက်ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ICJ ရဲ့ စီရင်ချက်ဟာ မြန်မာနိုင်ငံအပေါ် တရားဝင် စည်းနှောင်မှုရှိတာကို အလေးအနက် ဖော်ပြလိုပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက် အပါအဝင် နိုင်ငံတကာဥပဒေအောက်က တာဝန်ဝတ္တရားတွေကို အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့လည်း မြန်မာနိုင်ငံကို ၁၄ နိုင်ငံက တောင်းဆိုထားပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တာကို ယူကေအစိုးရအနေနဲ့ တရားဝင် အသိအမှတ်ပြုကြောင်း သီးခြားကြေညာခဲ့ပြီး ရခိုင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စိုး အပါအဝင် မြန်မာစစ်အရာရှိ ၅ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်ပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်မှာ ICJ က စီရင်ချက် ချမှတ်ခဲ့တာဖြစ်ပြီး ဒါဟာ ICJ ရဲ့ နှစ်ပေါင်း ၈၀ သမိုင်းတလျှောက် နိုင်ငံတနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာစစ်အာဏာရှင်ဘက်ကတော့ ဒီစီရင်ချက်ဟာ တရားမျှတမှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
Source:france24











