
စစ်အာဏာရှင်တပ်က လေကြောင်းကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဝင်တွေက ကျူးလွန်သူတွေကို ထပ်တူပြန်လည်ခံစားစေချင်လို့ ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်၊ မွန်းတည် ၁၂ နာရီကျော်မှာ စစ်အာဏာရှင်တပ်က ကျောက်တော်မြို့ရဲ့ လူအစည်းကားဆုံးနေရာတွေဖြစ်တဲ့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅၀ နီးပါးသေဆုံးပြီး ၆၀ လောက် ဒဏ်ရာရခဲ့တာပါ။
သေဆုံးသွားသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတယောက်က “ကိုယ့်အသက်ကို ကိုယ်မပိုင်တဲ့ အခြေအနေပေါ့နော်၊ ပြည်သူတွေနဲ့ ဘာမှမဆိုင်တဲ့ နေရာတွေကို ခုလိုဗုံးကြဲချတာကတော့ တော့်တော့်ကို တရားလွန်တယ်လို့ ထင်ပါတယ်။ ကျူးလွန်တဲ့သူတွေကတော့ သူ့ထိုက်သူ့ကံနဲ့ တနေ့နေ့တချိန်ချိန်မှာ ဒီရဲ့အပြစ်တွေကို သူတို့ခံရမှာပါ။ ဒါပေမဲ့ ကျနော်လိုချင်တာ ကျနော်ဆန္ဒရှိတာကတော့ ဒီနေ့ အခုချက်ချင်းဘဲ အဲဒီဝဋ်ကို လည်စေချင်တာပါ သူတို့ကိုလေ”လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျောက်တော်မြို့ အိန္ဒိယဈေးဟာ အိန္ဒိယမှရောက်ရှိလာတဲ့ ကုန်စည်တွေကို ရခိုင်ပြည်နယ်အနှံ့ လက်လီ၊ လက်ကားဖြန့်ချိတဲ့ ဈေးကြီးတခုဖြစ်ပါတယ်။
တိုက်ခိုက်ခံရချိန်မှာ အိန္ဒိယဈေးရှိ ဈေးဆိုင်ရောင်းသူတွေ ၊ ဈေးဝယ်သူတွေ ၊ ခရီးသွားလာသူတွေနဲ့ တခြား အရပ်သားပြည်သူတွေများစွာနဲ့ စည်ကားနေချိန်မှာ လေကြောင်းဗုံးကြဲခံရပြီး မွေးကင်းစ ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀ကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ဗုံးကြဲမှုကြောင့် ကစ္ဆပနဒီတံတား ထိခိုက်ပျက်စီးခဲ့ပြီး ဈေးဆိုင်ခန်းတွေနဲ့ ဈေးဆိုင် ပစ္စည်းတွေအပါအဝင် တုတ်တုတ်၊ ဆိုင်ကယ်၊ ကား အများအပြားမီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ကျောက်တော်မြို့၊ ပိုက်သည်ရွာက ၉ လလွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တယောက် မီလောင်းကျွမ်းသေဆုံးရင်း ကလေးမွေးဖွားခဲ့သလို အဲဒီ ကလေးလေးပါ မီးလောင်းကျွမ်းသေဆုံးခဲ့ရပါတယ်။
အလားတူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ ၄ နှစ် အရွယ် သားဖြစ်သူတို့ အမျိုးသားရှိရာ အိန္ဒိယဈေးကို ထမင်းချိုင့်သွားပို့ရာမှာလည်း လေကြောင်းဗုံးကြဲမှုကြောင့် မိသားစုဝင် ၃ ယောက်စလုံး နေရာမှာတင် သေဆုံးခဲ့ရပါတယ်။
မိသားစုနဲ့ နီးစပ်သူတယောက်က “ပုံမှန်နေ့တွေဆိုရင် သူ့ယောကျ်ားက ကိုယ့်ထမင်းချိုင့်ကို ကိုယ်ယူနေကြပေါ့၊ မနေ့ကမှ ထူးထူးခြားခြားပဲ အဲဒီထမင်းချိုင့်ကို ဘယ်လိုမေ့ကျန်ခဲ့မှန်းမသိဘူး။ မေ့ကျန်ခဲ့တော့ မိန်းမလုပ်သူက သားလေးကို လက်မှာပိုက်ပြီးတော့ ကျန်ခဲ့တဲ့ထမင်းချိုင့်ကို သူ့ ယောက်ျားရောင်းနေတဲ့အိန္ဒိယဈေးက အထည်ဆိုင်မှာသွားပြီးတော့ ပို့မယ်ဆိုပြီးတော့သွားတာပေါ့။ အဲ့ဒီမှာပဲ အကုန်လုံးပါသွားတာပေါ့နော်။ အကုန်လုံး မီးတွေလောင်ပြီးတော့ ခြေ လက်တွေ မပါတာ၊ ခေါင်းတွေ မပါတာတို့ ဖြစ်သွားတယ်။ ဒါကဘယ်သူ၊ ဒါကဘယ်သူ့မိသားစုဝင်တွေ ဘယ်သူ့ကိုမှ မှန်းမရတဲ့ အခြေအနေပေါ့။ အဲဒီလိုမျိုးတွေ အများကြီးဖြစ်တယ်။ သူတို့မိသားစုတွေလည်း ရှာလို့မတွေ့သေးဘူးဗျ။ ရှာမတွေ့သေးဘူးဆိုတာက မှန်းလို့မရတာပေါ့။ သူ့နေရာမှာ ငါသာဆိုရင် ဆိုတဲ့ ဒီခံစားချက်နဲ့ပေါ့။ အဲဒီလိုမျိုးတွေးပြီးတော့လည်း တအားခံစားရပါတယ်။ ပြောပြလို့ မတတ်အောင် ခံစားရတာပေါ့ဗျာ”လို့ ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် ကျောက်တော်မြို့ ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၄၉ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ယောက်အထိ ရှိလာနေပြီလို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာတော့ ဒဏ်ရာပြင်းထန်စွာရရှိသူတွေထဲက တယောက် ထပ်မံသေဆုံးသွားပြီး ၂၁ ယောက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ဒေသတွင်းကူညီပေးနေသူတွေဆီက သိရပါတယ်။
ဒါဟာ ကောက်ယူရရှိနိုင်သေးတဲ့ ရုပ်အလောင်းတွေသာဖြစ်ပြီး မီးလောင်ပြာကျသွားတဲ့ ရုပ်အလောင်းတွေလည်း ရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဒေသတွင်းလူမှုကူညီရေးလုပ်ဆောင်နေသူ ဆရာဝေဟင်အောင်က “လေယာဉ်နဲ့လာပြီးတော့ ပေါင် ၅၀၀ ဗုံး ၂ လုံးကို ကြဲချသွားတယ်။ တလုံးကတော့ ကစ္ဆပနဒီရဲ့ တံတားဘောင်မှာ သွားထိတယ်။ နောက်တလုံးက အိန္ဒိယဈေးကို တိုက်ရိုက်ထိမှန်ခဲ့တဲ့ဟာ ရှိတယ်ဗျ။ အခု ကျောက်တော်ရဲ့ အခင်းအကျင်းက စစ်ပွဲနဲ့ ဘာမှမဆိုင်ဘူးဗျ။ ဒီလူတွေက တကယ့်အရပ်သားတွေ ဖြစ်တယ်။ သူတို့က ဘယ်လောက်ထိ ရည်ရွယ်လဲဆိုရင် ရခိုင်တမျိုးသားလုံးကို လူမျိုးတုံးသတ်ဖြတ်ဖို့ရယ် ပြီးတော့ ရခိုင်တပြည်လုံးကို မြေလှန် ဖျက်ဆီးဖို့လောက်ထိ ရည်ရွယ်တယ်ဆိုတဲ့ အသွားအလာကို သွားတွေ့ရတယ်ပေါ့နော်”လို့ ပြောပါတယ်။
အခုလို အစုအပြုံလိုက် သေဆုံးမှု ဖြစ်စေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ တိုက်ရိုက်တာဝန်ရှိသူတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကို ထိရောက်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
မွေးကင်းစကလေးငယ်တောင် မွေးခွင့်မရဘဲ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုအောက်မှာ အသက်ဆုံးရှုံးသွားရတဲ့ ရခိုင်ပြည်သူတွေရဲ့ ဘဝဟာ နေ့စဉ်နဲ့ အသက် အန္တရာယ်စိုးရိမ်စိတ်တွေနဲ့ ရှင်သန် ရုန်းကန်နေကြရဆဲ ဖြစ်ပါတယ်။










