
မလေးရှားနိုင်ငံက ထိုင်းနိုင်ငံဘက်ကလာတဲ့ မော်တော်ယာဉ်တွေကို စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်လိုက်တဲ့အကြောင်း Khaosod English သတင်းတပုဒ်မှာ မတ် ၁၆ ရက်က ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲတွေကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု ပြတ်တောက်နိုင် ခြေရှိတယ််ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် မလေးရှားနိုင်ငံနဲ့ နယ်စပ် ထိုင်းတောင်ပိုင်း၊ ယာလခရိုင်၊ ဘီတောင်းမြို့က စက်သုံးဆီဆိုင်တွေမှာ ဒေသခံတွေ တိုးဝှေ့ဆီဖြည့်နေကြတာကြောင့် တန်းစီစောင့်ဆိုင်းမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တာပါ။
စက်သုံးဆီဝယ်လိုအား အလွန်အမင်း မြင့်တက်လာတာကြောင့် ဆီဆိုင်တချို့မှာ ဆီပြတ်လပ်မှုတွေ ခေတ္တဖြစ်ပေါ်ခဲ့ပြီးနောက် တချို့ဆိုင်တွေမှာ “ဒီဇယ်ကုန်ပြီ” ဆိုတဲ့ ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြသလို တချို့ဆိုင်တွေမှာလည်း ဆိုင်ဖွင့်ချိန်ကို နေ့လယ် ၁၂ နာရီကနေ ညနေ ၆ နာရီအထိသာ ရောင်းချချိန်လျှော့ချ သတ်မှတ်ခဲ့ ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဆီတင်သင်္ဘောနဲ့ ကားတွေ ရောက်ရှိလာခြင်း မရှိသေးတာကြောင့် ဆီဆိုင်တချို့မှာ ကားတန်းကြီးတွေ လမ်းပေါ်အထိ ရှည်လျားစွာ တန်းစီနေခဲ့ရတာတွေရှိနေပြီး တချို့ ဒေသခံတွေကလည်း စိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် ပုံးကြီးတွေနဲ့ လာရောက်ဝယ်ယူ စုဆောင်းနေကြတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
စက်သုံးဆီဝယ်လိုအားကို ထိန်းညှိနိုင်ဖို့အတွက် ဆီဆိုင်တချို့က တဦးကို ဘတ် ၁,၀၀၀ ဖိုးထက် ပိုမဝယ်ကြဖို့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့တာကြောင့် ခရီးသွား ပြည်သူတချို့ ဆီဖြည့်ဖို့ အခက်အခဲ ဖြစ်ခဲ့ကြသလို တချိန်တည်းမှာပဲ ခရီးဝေး သွားရမယ့် ဒေသခံတချို့က ထိုင်းနိုင်ငံထက် ဆီဈေးသက်သာတဲ့ မလေးရှား နိုင်ငံဘက် နယ်စပ်ဖြတ်ကျော်ကာ သွားရောက်ဆီဖြည့်နေကြတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ လက်ရှိစက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တလီတာကို ၂ ဒသမ ၁၅ ရင်းဂစ်၊ RON95 ဓာတ်ဆီ တလီတာကို ၁ ဒသမ ၉၉ ရင်းဂစ်၊ RON97 ဓာတ်ဆီတလီတာကို ၃ ဒသမ ၈၅ ရင်းဂစ် အသီးသီး သတ်မှတ်ထားတာဖြစ်ပြီး ငွေလဲနှုန်းကတော့ ၁ ရင်းဂစ်ကို ၈ ဒသမ ၂၅ ဘတ် ဝန်းကျင်ရှိနေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မလေးရှားအာဏာပိုင်တွေက ထိုင်းနိုင်ငံဘက်က လာရောက်တဲ့ မော်တော်ယာဉ်တွေကို တကြိမ်ကို ၃၅ ရင်းဂစ်ဖိုးသာ ရောင်းချပေးဖို့ ကန့်သတ်ထားလိုက်တာပါ။
မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကြောင့် ဆီပြတ်လပ်မှု မဖြစ်စေဖို့ ခုလို ကန့်သတ်ရတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မလေးရှားသတင်းဌာန Bernama ရဲ့ အဆိုအရ ကမ္ဘာ့ရေနံလိုအပ်ချက် မြင့်တက် လာချိန် စက်သုံးဆီမှောင်ခိုကူးမှုကို တားဆီးနိုင်ဖို့အတွက် ထိုင်းနယ်စပ်အနီးက ဆီဆိုင်တွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ကလန်တန်ပြည်နယ်ထဲက မလေးရှား-ထိုင်း နယ်စပ်တလျှောက် ဆီဆိုင် ၄၈ ဆိုင်ကို မလေးရှားနိုင်ငံပြည်တွင်းကုန်သွယ်ရေးနှင့် စားသုံးသူရေးရာဝန်ကြီးဌာနက စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးနေသလို အာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီဆိုင်တွေရဲ့ ထက်ဝက်နီးပါးလောက်က နယ်စပ်ကနေ ၂၅ ကီလိုမီတာ အကွာအဝေးအတွင်း တည်ရှိနေပြီး ဆီမှောင်ခိုကူးနိုင်ခြေ အများဆုံးနေရာတွေအဖြစ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။
Source: Khaosod










