
ပြီးခဲ့တဲ့လပိုင်းတွေက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နယ်ဘက်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ကြက်သွန်နီစိုက်ခင်း အများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကြက်သွန် စိုက်တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုအချိန်ဟာ မိုးကြက်သွန်တွေကို စတင်တူးဖော်ရမဲ့ အချိန်ကာလဖြစ်ပေမဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် စိုက်ခင်းတွေပျက်စီးသွားပြီး ဈေးကွက်ထဲကို မပို့နိုင်တာတွေကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ကြက်သွန်စိုက်တောင်သူတယောက်က “အခုအချိန်က မိုးကြက်သွန်တွေကို စတင်ဖော်တဲ့အချိန်ပေါ့။ ပြီးခဲ့တဲ့လတွေတုန်းက မိုးက တအားရွာတာ။ အဲဒီမှာ ကြက်သွန်စိုက်ခင်းတွေက အကုန်ပျက်စီးသွား တာပဲ။ ပျိုးပင်တွေလည်း အကုန်ပျက်စီးတယ်။ အမှန်ဆို ဒီအချိန်က မိုးကြက်သွန်ဖော်ရမဲ့အချိန်။ ပျက်စီးကုန်တော့ ဘာမှလုပ်မရဘူး။ ကြက်သွန်အဟောင်းတွေက ရာသီကုန်ခါနီးလည်းဖြစ်တယ်။ လှောင်လက်တွေ လက်ထဲမှာလည်း ပစ္စည်းကနည်းသလို ကြက်သွန်အသစ်ကလည်း ဈေးကွက်ထဲကို ထင်သလောက် မရောက်တော့ ကြက်သွန်ဈေးတွေက အဆမတန်မြင့်နေတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ရေကြီးတာတို့ကြောင့် ပခုက္ကူ၊ မုံရွာ စတဲ့ အဓိက စိုက်ပျိုးရာဒေသတချို့မှာ ကြက်သွန်စိုက်ခင်းတွေနဲ့ ပျိုးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က ဆိပ်ဖြူနဲ့ တောင်သာ ကြက်သွန် တပိဿာကို အရွယ်အစား၊ အရည်အသွေးပေါ် မူတည်ကာ ကျပ် ၈,၅၀၀ မှ ၁၀,၄၀၀ သာ ရှိခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်မှာ ဆိပ်ဖြူနဲ့ တောင်သာ ကြက်သွန် တပိဿာကို အရွယ်အစား၊ အရည်အသွေးပေါ် မူတည်ကာ ကျပ် ၁၄,၅၀၀ မှ ၂၀,၀၀၀ အထိ အမြင့်ဈေးမှာရှိနေတာ ဖြစ်ပါတယ်။
မိုးကြက်သွန်အသစ်တွေ ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက်လာမဲ့ ဒီဇင်ဘာလဆန်းပိုင်း ရောက်မှ သာ ကြက်သွန်နီဈေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။











