
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ နီးပရို ပက်ထရို့ဗ့်စ်ခ်ဒေသ၊ နီကိုပိုလ်မြို့လယ်မှာ ဧပြီ ၇ ရက်က ရုရှားရဲ့ FPV အသေးစား ဒရုန်းတစင်း တိုက်ခိုက်မှုကြောင့် ဘတ်စ်ကားမှတ်တိုင်ကို ချဉ်းကပ်ဝင်ရောက်လာနေတဲ့ ဘတ်စ်ကားကို ထိမှန်ပြီး လူ ၄ ယောက် သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောပါတယ်။
“အခုလို လူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နေတဲ့အချိန်မှာ ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေကို တားဆီးနေတာ ဒါမှမဟုတ် ရုရှားနဲ့ ကုန်သွယ်မှုတွေ လုပ်နေတာဟာ တကယ့်ကို ထူးဆန်းတဲ့ကိစ္စပဲ” လို့လည်း သူ့ရဲ့ X လူမှုကွန်ရက်ကနေ ဝေဖန်ပြောပါတယ်။
ဒါဟာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်ကို ရည်ရွယ်ချက်ရှိရှိ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာဖြစ်ပြီး အဲဒီအချိန်ဟာ လူတွေ အလုပ်သွားဖို့ အလျင်လိုနေတဲ့ rush hour ဖြစ်တဲ့အတွက် ထိခိုက်မှု ပိုကြီးမားခဲ့တယ် လို့ ပြည်ထဲရေးဝန်ကြီး အီဟော်ရ် ကလီမန်ကို ကလည်း ဆိုပါတယ်။
ယူကရိန်းရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ပျက်စီးသွားတဲ့ ဘတ်စ်ကားနဲ့ သေဆုံးသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက သယ်ထုတ်နေတာကို တွေ့ရပါတယ်။
ယူကရိန်း တာဝန်ရှိသူတွေက ရုရှားတပ်တွေဟာ အရပ်သားလူထုကို ရည်ရွယ်ပြီး FPV ဒရုန်းတိုက်ခိုက်မှုတွေ စနစ်တကျ လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
ဒါပေမဲ့ ရုရှားဘက်ကတော့ လူထုကို တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက စတင်ခဲ့တဲ့ ဒီကျူးကျော်စစ်အတွင်းမှာ အရပ်သားပေါင်း သိန်းနဲ့ချီ သေဆုံး၊ ဒဏ်ရာရခဲ့ကြပြီး ဖြစ်ပါတယ်။
Source: Reuters










