DVB Logo
Home
Lead Story
ကုလသမဂ္ဂက ရှုတ်ချပေမယ့် ဂုဏ်ယူပါတယ် - ဦးဝီရသူ
DVB
·
January 23, 2015
ကုလသမဂ္ဂက ရှုတ်ချပေမယ့် ဂုဏ်ယူပါတယ် - ဦးဝီရသူ
Donate to DVB

ဆရာတော် ဦးဝီရသူက လွန်ခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးနှိမ်စော်ကားတဲ့ စကားလုံးတွေ သုံးနှုန်းပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသားရှုတ်ချကြဖို့ ကုလသမဂ္ဂက မြန်မာ့ဘာသာရေး၊ နိုင်ငံရေးနဲ့ လူမှုအဖွဲ့ ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မစ္စစ် ယန်းဟီးလီ (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်) ကို ဘုန်းဘုန်း ဝေဖန်မိန့်ကြားတာနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်တွေက ကန့်ကွက်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းတယ်။ အဲဒါနဲ့ ပတ်သက်လို့ သဘောထား ပြောပြပါဘုရား။

wirathu1“ဘုန်းဘုန်းလည်း နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လူမျိုးစု ခေါင်းဆောင်တွေကို တိုက်တွန်းချင်တာကတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံကို လာပြီး အချုပ်အခြာအာဏာကို ထိပါးရင် ၀ိုင်းဝန်းပြီးတော့ တွန်းလှန်ကြပါလို့။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို တစိမ်းတွေလာရောက် ဖန်တီးတာကို လုံးဝလက်မခံကြပါနဲ့လို့ပဲ သူတို့ကို ပြန်တိုက်တွန်းပါတယ်။”

ဗွီဒီယိုဖိုင်ထဲမှာ တပည့်တော်တို့ တွေ့တာက မစ္စယန်ဟီးလီနဲ့ ပတ်သက်တဲ့ မိန့်ကြားချက်က ဒေါပါသွားသလို ဖြစ်တယ်လို့ နားထောင်မိတယ်ဘုရား။ ဒီအပေါ်မှာ နောင်တ ရမိသလား ဒီ မိန့်ကြား ခဲ့တဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီးတော့။ (စကားချပ်- “-သည်မ” ဟု သုံးနှုန်းမိန့်ကြားခဲ့ခြင်း)

“နောင်တရတယ်ဆိုတာကတော့ မဟုတ်တာပြောမှ၊ မမှန်တာပြောမှ၊ မဟုတ်တာလုပ်မှ၊ မမှန်တာ လုပ်မှလေ။ ဦးဇင်းတို့ကျတော့ ဘာသာ၊ သာသနာကို ကာကွယ်တာဆိုတော့ ဒီစကားတခွန်းနဲ့ ကာကွယ်လိုက်နိုင်တယ်၊ ဒီစကားတခွန်းအတွက် အကျိုးရှိတယ်ဆိုလို့ရှိရင် ဦးဇင်းတို့တွေက ဂုဏ်တောင် ယူရဦးမှာလေ။ ဒကာကြီး ဦးဇင်းအနေနဲ့ ၀မ်းမြောက်ဝမ်းသာကို ဂုဏ်ယူပါတယ်။”

စောင့်ကြည့်သူတွေ၊ သုံးသပ်သူတွေ ပြောတာက အရှင်ဝီရသူက မွတ်စလင်ဆန့်ကျင်ရေးကို လုပ်တယ်ပေါ့နော်။ ဟောတယ်၊ အမုန်းတရားတွေ ဖြန့်ချိနေတယ်ဆိုပြီးတော့ စွပ်စွဲ ပြောဆို ရေးသားတာတွေ ရှိတယ်။ ဘုန်းဘုန်းအနေနဲ့ ရိုဟင်ဂျာအစ်ရှူးကို ကိုင်တာလား၊ မွတ်စလင်အစ်ရှူးကို ကိုင်တာလား ဘုရား။ ဘယ်လိုမျိုးလဲ။ သဲသဲကွဲကွဲ မိန့်ကြားပေးပါ ဘုရား။

“ဦးဇင်းကတော့ ဂျီဟတ်ဝါဒီတွေ အကုန်လုံးကို ရည်ရွယ်တာပါ။ မွတ်စလင်အကုန်လုံးကို ရည်ရွယ်တာ မဟုတ်ပါဘူး။ ရိုဟင်ဂျာတွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ အစ္စလာမ် အစွန်းရောက်တွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ နောက် ဦးဇင်းတို့နိုင်ငံကို ၇၈၆ ဆိုင်းဘုတ် ထောင်ပြီးတော့ ၀ါးမြိုဖို့ စီမံကိန်းတွေ ရေးဆွဲနေတဲ့သူတွေလည်း ဂျီဟတ်ဝါဒီတွေပဲ။ အဲဒီအတွက်ပဲ ရည်ရွယ်တာပါ။ ဦးဇင်းတို့က လူကောင်း သူကောင်းတွေ၊ အေးအေးဆေးဆေးနေတဲ့သူတွေကို မရည်ရွယ်ပါဘူး။”

မန္တလေးတိုင်းသာသနာရေးပုဂ္ဂိုလ်တွေ မစိုးရိမ်တိုက်သစ်ကို မနေ့က လာကြပြီး ဆရာတော်ကြီးကို လျှောက်တာ ဘုန်းဘုန်းကို ပုဒ်မ ၂ ခုနဲ့ စွဲဖို့ လာလျှောက်ကြတာဆိုတဲ့ အကြောင်းအရာ အွန်လိုင်းမှာ တက်လာလို့။ ဟုတ်လားဘုရား။

“မန္တလေးတိုင်းက သာသနာရေးအရာရှိတွေ လာသွားတာတော့ ဟုတ်ပါတယ်။ မနေ့က နေ့ဆွမ်းစားပြီးချိန် ၁၁ နာရီခွဲလောက် လာသွားတယ်။ အဲဒီအကြောင်းအရာတော့ ဦးဇင်းလည်း ဆရာတော်နဲ့ မတွေ့သေးဘူး။ ဆရာတော်လည်း ဦးဇင်းကို ခေါ်ပြောတာတွေ မရှိဘူး။”

သာသနာရေးဦးစီးဌာနက လာတဲ့အရာရှိကြီးတွေက ဘာလာလုပ်တာလို့ ခန့်မှန်း တွက်ချက်မိလဲ။ နိုင်ငံတကာက ဖိအားကြောင့် လာရောက်မေးမြန်း လျှောက်ထားတာကော မဖြစ်နိုင် ဘူးလား။

“အခု အဲလို ယူဆနေကြတာပေါ့နော်။ ဦးဇင်းကလည်း ဆရာတော်ကို မလျှောက်ရဲဘူး။ ဆရာတော်နဲ့ လည်း အခန်းထဲမှာ တွေ့တာဆိုတော့လေ ဘာတွေ ပြောတယ်ဆိုတာ ဦးဇင်းမသိဘူး။”

ဘုန်းဘုန်းတို့ရဲ့ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကနေပြီးတော့ သီတဂူဆရာတော်ဘုရားကြီးက မပတ်သက်ဘူးဆိုပြီးတော့ အထူးကြေညာချက် ထုတ်ပါတယ် ဘုရား။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘုန်းဘုန်းတို့ရဲ့ မဘသ အဖွဲ့မှာ အားမယုတ်သွားဘူးလား။ ဘယ်လို မိန့်ကြားချင်လဲဘုရား။

“ဆရာတော်ဘုရားကြီးက သူကိုယ်တိုင် မိန့်ပါတယ်။ ခရီးကပြန်လာတဲ့အခါကျတော့ နုတ်ထွက်တာ မှန်သော်လည်းပဲ လုံးဝပတ်သက်မှု မရှိဘူးဆိုတာကတော့ မဟုတ်ပါဘူးတဲ့။ ဆရာတော်ကတော့ ဦးဇင်းတို့နဲ့ တစိတ်တည်း၊ တ၀မ်းတည်း၊ တသွေးတည်း၊ တသားတည်း ရှိပါတယ်။ အဲဒီအတွက်တော့ ဦးဇင်းတို့က လုံးဝ အားမနည်းပါဘူး။”

ကုလသမဂ္ဂက ထုတ်ပြန်ကြေညာတိုက်တွန်းတာနဲ့ ပတ်သက်လို့ အထူးတလည် မိန့်ကြားစရာ ရှိပါသေးသလားဘုရား။

“ပြောလိုက်ပါ။ ရိုဟင်ဂျာအစ်ရှူးဟာ အစိုးရတခုတည်းရဲ့ သဘောထား မဟုတ်ဘူး။ တနိုင်ငံလုံး၊ တမျိုးသားလုံးရဲ့ သဘောထား ဖြစ်ပါတယ်။ အဲဒီတော့ နောက်နောင် ငြိမ်းချမ်း စေချင်တယ်ဆိုရင်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တာ မြင်ချင်တယ်ဆိုရင် ရိုဟင်ဂျာဆိုတဲ့ အလိမ်အညာ လူမျိုးတမျိုးရဲ့ စကားလုံးကို လုံးဝ မသုံးစွဲမိပါစေနဲ့လို့။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013