DVB Logo
Home
Lead Story
မြစ်ခြေရဲစခန်းကို PDF သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းမိ
ကေခိုင်
·
June 10, 2026
Photo: PDF
Photo: PDF
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒီကနေ့ ဇွန် ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၄ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

မြစ်ခြေမြို့ရဲစခန်းကို ဒီနေ့မနက် ၄ နာရီမှာ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က ပခုက္ကူခရိုင်စစ်ဌာန ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၅ နာရီမှာတော့ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တနာရီကြာမြင့်ခဲ့တဲ့ ဒီတိုက်ပွဲအတွင်းမှာ စစ်အာဏာရှင်တပ်ဘက်က ၂ ယောက် သေဆုံးခဲ့ပြီး ၁၄ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စခန်းအတွင်းကနေ G-3 သေနတ် ၁၈ လက်၊ 79 တလက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း တလက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ လက်လုပ် လေသေနတ် တလက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ G-3 ကျည် ၁,၉၀၈ တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကိုတော့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတင် အရေးယူသွားမယ်လို့ NUG က အသိပေးထားပါတယ်။

မေ ၁၀ ရက်ကနေ ဇွန် ၂ ရက်အထိ မြစ်ခြေမြို့မှာ စစ်အာဏာရှင်တပ်တွေက ပြည်သူတွေရဲ့ နေအိမ်အဆောက်အအုံ ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၂၄ ယောက်ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ သမိုင်းပေးတာဝန်အရ စစ်အာဏာရှင်တပ်ကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ စစ်မျက်နှာအသီးသီးမှာ ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့လည်း ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013