ဟားမတ်စ်ရဲ့ ဂါဇာကမ်းမြောင်ဒေသ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီး ပါလက်စတိုင်း အရပ်ဘက် ပညာရှင်တွေဆီ အာဏာလွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟားမတ်စ်အဖွဲ့က ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလုပ်ရပ်ဟာ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ဂါဇာ အနာဂတ်အစီအစဉ်အတွက် ရှေ့တလှမ်းတိုးလိုက်တာလို့ ဟားမတ်စ်က ဆိုပါတယ်။ ဒါပေမဲ့ အစ္စရေးကတော့ ဒါဟာ ဟားမတ်စ်တွေ လက်နက်မစွန့်ရအောင် လှည့်စားတဲ့ လုပ်ရပ်တခုသာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
ဟားမတ်စ်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စစ်ပွဲအလွန် အရပ်သားအစိုးရ အုပ်ချုပ်ရေးအစီအစဉ်ထဲက အဓိက အစိတ်အပိုင်းတခု ဖြစ်ပါတယ်။
အစိုးရအဖွဲ့ကို ဖျက်သိမ်းပေမဲ့ ဝန်ကြီးဌာနတွေနဲ့ ဝန်ထမ်းတွေ ဆက်ရှိနေမှာဖြစ်ပြီး လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ကို ဟားမတ်စ်ကပဲ ဆက်လက်ကွပ်ကဲသွားမှာပါ။
ထရမ့်ပ် ခန့်အပ်ထားတဲ့ ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ကတော့ ဟားမတ်စ်ရဲ့ လုပ်ရပ်ကို အကဲဖြတ်ရာမှာ ကတိစကားတွေထက် လက်တွေ့လုပ်ဆောင်ချက်တွေကိုသာ အဓိကထား စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာကလည်း ဟားမတ်စ်တွေ လက်နက်ကိုင်ထားသရွေ့ အရပ်သားအစိုးရဟာ သူတို့ခိုင်းတဲ့အတိုင်းပဲ လုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေတယ်လို့ ဟားမတ်စ်က စွပ်စွဲထားပြီး ဇူလိုင် ၆ ရက်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ ဂါဇာနယ်မြေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို အစ္စရေးတပ်တွေက ထိန်းချုပ်ထားပြီး တပ်တွေ ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Source: Reuters










