DVB Logo
Home
မြန်မာသတင်း
လိင်ပိုင်းအကြမ်းဖက် တရားခံများကို ချက်ချင်းဖော်ထုတ်ရန် အမျိုးသမီးအဖွဲ့များ တောင်းဆို
DVB
·
January 22, 2015
လိင်ပိုင်းအကြမ်းဖက် တရားခံများကို ချက်ချင်းဖော်ထုတ်ရန် အမျိုးသမီးအဖွဲ့များ တောင်းဆို
Donate to DVB

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တပ်မတော်ကို အလျင်အမြန် ဆုတ်ခွာစေပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တရားခံတွေကို ချက်ချင်းဖော်ထုတ် အရေးယူဖို့ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ ကချင်ငြိမ်း ချမ်းရေးကွန်ရက်နဲ့ ကျားမတန်းတူညီမျှမှုအဖွဲ့တွေက ဒီကနေ့ ပူးတွဲကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ကောင်းခါးကျေးရွာမှာ ဇန်နဝါရီလ ၁၉ ရက် နေ့က စေတနာ့ဝန်ထမ်း  ကချင်ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရ မှုအပါအဝင် တိုင်းရင်းသားဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေကို အခြေခံပြီး အမျိုးသမီးအဖွဲ့တွေက အခုလို တောင်းဆိုလိုက် တာဖြစ်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အထွေထွေအတွင်းရေးမှူး  ဒေါ်တင်တင်ညိုက “ကျမတို့အနေနဲ့ အစိုးရစစ်တပ်တွေ ဆုတ်ခွာစေ ချင်တာပါ။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေး စကားစပြောတယ်ဆို ကတည်းက တပ်တွေ ပြန်ဆုတ်ခွာရေးက အဓိက ပဲလေ။ တပ်တွေက ဒီနယ်မြေတွေထဲမှာ ဆက်ရှိနေသရွေ့ကတော့ ပြည်သူလူထုတွေ ဘ၀က လုံခြုံ မှုမရှိဘူး။ အဲဒါကလည်း လူ့အခွင့်အရေး ချိုးးဖောက်မှု မှတ်တမ်းတွေအရ ကျမတို့အနေနဲ့ တောက်လျှောက်လည်း ထောက်ပြခဲ့တာပါ။  အခုချိန်မှာတော့ ကျမတို့ အဓိက မီးမောင်း ထိုးပြနေတာက ကချင်နဲ့ရှမ်းပြည်နယ်ကဖြစ်တဲ့ အနေအထားပါ။ စစ်ပွဲတွေက ဆက်တိုက်ပိုပြီးတော့ဖြစ်နေတယ်ဆိုတော့ အထူးသဖြင့် အမျိုး သမီးတွေအပေါ် အဓမ္မကျူးလွန်မှုက ဆက်ပြီးတော့ တွေ့ကြုံခံစားနေရတယ်။ အရေး ယူမှုကလည်း ကင်းလွတ်နေတယ်” လို့ပြောပါတယ်။
၂၀၁၁ ဇွန်လကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်တွေအကြားတိုက်ခိုက်မှုတွေ ပိုမိုဖြစ်ပွားချိန်မှာ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုတွေပိုတွေ့ရပြီး  ၂၀၁၁ ခုကနေ ခုချိန်ထိ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ အမျိုးသမီးအဖွဲ့တွေက ထောက်ပြထားပါတယ်။

ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာဟာ ထိရောက်စွာအရေးယူမှု မရှိခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ဒေါ်တင်တင်ညိုက ပြောပါတယ်။

“အပြစ်ကျူးလွန်တဲ့သူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်မှုမရှိဘူးဆိုတဲ့ ပြယုဂ်တခုပဲ။ အဲလိုမလုပ်တာဟာ အခုလိုမျိုး ဆက်လက်ကျူးလွန်ဖို့ အတွက် စစ်တပ်တွေကို ကျူးလွန်ခွင့်ပေးထားတဲ့ အနေအထားမျိုးဖြစ်နေတယ်။ စစ်တပ်ကလည်းပဲ သူတို့ အနေနဲ့ ကျူးလွန်လိုက်ရင်လည်း နိုင်ငံတော်အစိုးရက အရေးယူမှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုးရှိနေတဲ့အတွက် တစုံတခု လုပ်တော့မယ်ဆိုရင် လက်တွန့် နေတဲ့ ဟာမဖြစ်တော့ဘူး။  ဒါတောင်မှ ပြုပြင်ပြောင်းလဲရေး ကိုသွားနေတဲ့ အရပ်သားအစိုးရ တက်လာတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတယ်လို့ ပြောနေတဲ့အချိန်မှာ ဒီစစ်တပ်တွေအနေနဲ့ အခုလိုပြောင်ပြောင်တင်းတင်းလုပ်ရဲတာဟာ ဆိုးရွားတဲ့ အခြေအနေတခု။ နောက်ပြန်ဆုတ်နေတဲ့ အခြေအနေတခု။ အရင်အတိုင်း ဘာမှ မပြောင်း လဲဘူးဆိုတဲ့ အခြေအနေတခုကို ထောက်ပြပါနေပါတယ်။”

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး အမျိုးသမီးအဖွဲ့တွေပါဝင်တဲ့ လွပ်လပ်တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အစိုးရက အမြန်ဆုံး ဆောင် ရွက်ပေးဖို့ လည်း အမျိုးသမီးအဖွဲ့တွေက တောင်းဆိုထားပါတယ်။

ကချင်  ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကချင်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက  “ဒီလိုမျိုးလုပ်ရပ်ဟာ ဒါ လုံးဝမှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ အဲဒါ ဘာမှအပြစ်မရှိတဲ့ စေတနာ့ ၀န်ထမ်းကျောင်းဆရာမ နှစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းပြီးမှ သတ်ဖြတ်တယ်ဆိုတာကတော့ ဒါကတော့ အင်မတန် ရိုင်းပြတဲ့၊ အင်မတန်ဆိုးတဲ့ လုပ်ရပ်ပါ။ ဒါက တရားဥပဒေစိုးမိုးရေးအား နည်းတဲ့ဟာကို ပြတာပဲ။ ဒါကိုဘယ်သူလုပ်သလဲဆိုတာ တရားခံကို ရအောင် ဖော်ထုတ်အရေုး ယူဖို့လိုအပ်တယ်။ ကျနော်တို့ပါတီအနေနဲ့က ဒါကိုလုံးဝကို ရှုတ်ချတယ် ”  လို့ ပြောပါတယ်။

အမေရိကန်ုအစိုးရကတော့  အမှုမှန်ဖော်ထုတ်ဖို့ မြန်မာအစိုးရကိုတောင်းဆိုလိုက်ပြီး ဒီအမျိုး သမီးတွေကို အစိုးရတပ်သားတွေက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲချက်တွေအပေါ် စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးကတော့  ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုဖွင့်စစ်ဆေးနေပြီး  ပြည်နယ်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013