DVB Logo
Home
မြန်မာသတင်း
၆ ပွင့်ဆိုင် အမြန်လုပ်ရန် လွှတ်တော်က သမ္မတကို တောင်းဆိုစာပို့
DVB
·
January 22, 2015
၆ ပွင့်ဆိုင် အမြန်လုပ်ရန် လွှတ်တော်က သမ္မတကို တောင်းဆိုစာပို့
Donate to DVB

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မြန်မြန်လုပ်ဖို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာပို့ တောင်းဆိုလိုက်ပါတယ်။

သူရဦးရွှေမန်းက ဇန်န၀ါရီ ၂၂ ရက်နေ့ သမ္မတထံ ပေးပို့တဲ့စာမှာ  နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ၆ ဦးအဖွဲ့ အဆောတလျင် တွေ့ဆုံတာဟာ ပစ္စုပ္ပန်နဲ့ အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းတွေ ဖန်တီးနိုင်မှာဖြစ်တယ်လို့ ရေးသား ထားပါတယ်။

u shwe mahn & u thein swin1ဒီဆွေးနွေးပွဲကနေ နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးလုပ်ငန်း စဉ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်ထွန်း လာမယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပထမအကြိမ်တွေ့ ဆုံပြီး ဆွေးနွေးပွဲ မူဘောင်အပါအ၀င် ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးညှိနှိုင်း သတ်မှတ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ၆ ဦး အဖွဲ့ တွေ့ဆုံရေးကို အဆောတလျင်ပြုလုပ်ဖို့ သမ္မတကို ပန်ကြားထားပါတယ်။

သူရဦးရွှေမန်းရဲ့ ပန်ကြားချက်ဟာ ဇန်န၀ါရီ ၁၉ ရက်နေ့က သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်ကို ပေးပို့တဲ့စာကို တုံ့ပြန်ခဲ့တာပါ။

သမ္မတရဲ့ စာထဲမှာ ၆ ဦးဆွေးနွေးပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုရင် လိုက်နာမှာ ဖြစ်ကြောင်းနဲ့  ဆွေးနွေးမယ့်ခေါင်းစဉ်တွေ၊ ထည့်သွင်းဆွေးနွေးလိုတဲ့ မူဘောင်နဲ့ အသေးစိတ်အကြောင်းအရာတွေကို ကြိုတင်လေ့လာနိုင်ဖို့အတွက် သမ္မတထံ ပေးပို့ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ၆ ဦး အရင်တွေ့ဆုံပြီးမှာ မူဘောင်ချမှတ်ဖို့ ပြောသလို သမ္မတက မူဘောင်ချမှတ်ပြီးမှ ၆ ဦး တွေ့ဆုံဖို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

နိုင်ငံရေးစာပေတွေ ရေးသားနေတဲ့ ဒေါက်တာရန်မျိုးသိန်းကတော့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို နိုင်ငံရေးအရ မျက်လှည့်ပြကစားသလိုမျိုးလုပ်မှာ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“အဆိုပြုနေတဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲတွေရော ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တုံ့ပြန်နေတဲ့ သမ္မတရောက အာဏာရပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်တွေ ချည်းပဲဗျ။ အဲ့ဒီတော့ ကျနော်စိုးရိမ်တာက ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို နိုင်ငံရေးအရ မျက်လှည့်ပြမှုတခုလို လုပ်မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထု နစ်နာမှာကို စိုးရိမ်တယ်။ နောက်တခုက အခု ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတထံ ပြန်ပေးပို့တဲ့ အချက်အလက်တွေဟာ ကြောင်းကျိုးဆီလျော်တယ်၊ ခိုင်လုံတယ်လို့ မြင်တယ်။ ၆ ပွင့်ဆိုင် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ ဆွေးနွေးမယ့်အကြောင်းအရာ အချိန်ဇယား အစီအစဉ်အသေးစိတ်ကို တကယ်ညှိနှိုင်းဆွးနွေးတဲ့ဟာ တကယ်လက်တွေ့ကျတဲ့ ညှိနှိုင်းဖြေရှင်းမှုပုံစံလို့ ယူဆတယ်။”

သမ္မတရဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲသ၀ဏ်လွှာမှာတော့ အခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်ရဲ့ အဓိကတာဝန်လို့ ဖော်ပြထားပြီး အခု ပြည်ထောင်စုလွှတ်တော်က ပြန်ပို့တဲ့ သ၀ဏ်လွှာမှာ ဖွဲ့စည်းပုံပြင်ဖို့ ကိစ္စ ဖော်ပြမထားပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တရပ်မှာ ပဲခူးတိုင်းဒေသကြီး အမှတ် ၁၀ မဲဆန္ဒနယ်မှ အမတ် ဦးမြင့်ထွန်းက ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးအဆို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

မနေ့က အမျိုးသားလွှတ်တော်စည်းဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာာ ဆွေးနွေးစေလိုတဲ့အချက်တွေကို သူ့ဆီပေးပို့ကြဖို့  ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013