DVB Logo
Home
မြန်မာသတင်း
ချင်းတောင်ပိုင်း ဝင်ပေါက် ဆောမြို့နယ်ကို စစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်
DVB
·
May 15, 2026
Photo : DVB
Photo : DVB
Donate to DVB

မကွေးတိုင်း ယောဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်းရဲ့ ဝင်ပေါက်ဖြစ်တဲ့ ဆောမြို့နယ်အတွင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းတွေ ခွဲပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

စစ်တပ်က မင်းတပ်မြို့ကို ထိန်းချုပ်ဖို့နဲ့ ပလက်ဝဒေသအထိ စစ်ရေးရည်မှန်းချက်ထားပြီး အခုလို လုပ်ဆောင်လာတာလို့ စစ်ရေးလေ့လာသူကလည်း သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်ကစပြီး မကွေးတိုင်း၊ လောင်းရှည်မြို့နားက ကပစ ၂၅ ကနေ တဆင့် ထွက်လာ တဲ့ စစ်တပ်စစ်ကြောင်းဟာ ဆောမြို့နယ်အတွင်းကို ဦးတည်ဝင်ရောက်လာခဲ့တာလို့ မကွေး အခြေစိုက် PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်ဟာ ပေါက်မြို့နယ်ဘက်က တကြောင်း၊ လောင်းရှည်ဘက်က တကြောင်း အပြင် ကျောက်ထုနားက ကံကြီးရွာမှာလည်း အထိုင်ချ တပ်စွဲထားတဲ့အကြောင်း PDF နဲ့ နီးစပ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

“ပေါက်ဘက်က တက်လာတဲ့ စစ်ကြောင်းကတော့ ပုံတောင်ထိပ်ကို ရောက်နေပြီပေါ့။ အင်အားက ၃၅၀ လောက်တော့ ပြောတယ်။ လောင်းရှည်ဘက်က ထွက်လာတဲ့ စစ်ကြောင်းကတော့ ဆောမြို့ထဲ ကို ဒီနေ့မနက်ပဲ ဝင်သွားပြီတဲ့။ သီးကုန်းမှာ မနေ့ညက အိပ်တယ်၊ ဒီနေ့မနက် ၁၀ နာရီ ဝန်းကျင် လောက်မှာ ဝင်သွားပြီ ပြောတယ်အစ်ကို။ အဲဒီလည်း ၃၅၀ လို့ အဲဒီဝန်းကျင်လောက်ပဲလို့ ပြောတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသတွင်း PDF တချို့ကို ဆက်သွယ်ပေမဲ့ သတင်းရေးသားချိန် မေ ၁၄ ရက် ညနေပိုင်းအထိ ပြန်ဖြေခဲ့တာမရှိလို့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ကျောက်ထုနဲ့ ဆောမြို့တွေဆီကို ရက် ၁၀၀ စီမံချက်ကို အကောင်အထည်ဖော်ဖို့ စစ်တပ်က အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အကြောင်း ဆောမြို့နယ်-ပကဖ ကမေ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က ဂျက်ဖိုက်တာတွေ အသုံးပြုသလို လမ်းပိုင်းတွေကိုလည်း ပိတ်ဆို့ဖို့ ကြိုးစားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းလာပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူထောင်နဲ့ချီ အမိုးအကာနဲ့ ဆေးဝါးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆောနဲ့ ကျောက်ထုကြားက ကျေးရွာတခုမှာ နေထိုင်ခဲ့တဲ့ စစ်ဘေးရှောင် အမျိုးသားတယောက်က ပြောပြပါတယ်။

“ကျနော်တို့ လောလောဆယ် စစ်ရှောင်နေရတဲ့ အခြေအနေပေါ့။ တကြောလုံး ရှောင်နေရတာ။ ဆောနဲ့ ကျောက်ထုကြား တခြမ်းလုံးနီးပါးပေါ့။ ပုံတောင်လမ်းပေါ်က လူတွေလည်း ရှောင်ရတယ်။ အခု စစ်ကြောင်း ၃ ကြောင်းကြောင့်ဆိုရင် စစ်ရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိမယ်။ အဓိက ခက်ခဲတာကတော့ ဆေးဝါးတွေ၊ အမိုးအကာတွေ၊ ခြင်ထောင်၊ စောင် အဲဒါတွေ လိုတာပေါ့။ မိုးကလည်း ရွာတော့မယ်ဆိုတော့ အမိုးအကာက တကယ်လိုအပ်နေပါတယ်။ လမ်းတွေလည်း ပိတ်ထားတော့ ကုန်စည်စီးဆင်းမှုက ရပ်သလောက် ဖြစ်နေပြီ။”

စစ်အာဏာရှင်တပ်အနေနဲ့ အခုလို မိုးမကျခင် အချိန်အတွင်း ဆောမြို့နယ်ကို အပြင်းအထန် ထိုးစစ် ဆင်လာတာဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အထူးသဖြင့် မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အတွင်းကို စီးဆင်းနေတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးစားနေတာလို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“အဓိကကတော့ ကျနော်တို့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ စစ်မျက်နှာကို ဖွင့်လိုတာ။ အခု စစ်တပ်ရဲ့ လိုလားချက်ကလည်း ဒီ မိုးမကျခင်မှာ မင်းတပ်ကို  ဝိုင်းပတ်ပိတ်ဆို့ဖို့လောက်အထိ သူတို့ စစ်ရေးရည်မှန်းချက်ထားတဲ့ အနေအထားမျိုးလို့ သုံးသပ်ရတယ်။ ကျနော်တို့ မိုးကျလာရင်တော့ မလွယ်တော့ဘူး။ ဒါကြောင့် ကျနော်တို့က ဒီ မင်းတပ်ကို မိုးမကျခင်မှာ မသိမ်းပိုက်နိုင်ခဲ့ရင်တောင်မှပဲ  ဆက်သွယ်ရေးလမ်းကြောင်းတွေကို သူတို့က ဖြတ်တောက်ပြီးကာမှ ပလက်ဝကနေတဆင့် ရခိုင်မြောက်ပိုင်းနဲ့ တောင်ပိုင်းထဲကို လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးပေါ့နော်၊ ဒါတွေ ဖြတ်တောက်လိုတဲ့ အနေအထားမျိုးလို့ ကျနော်တို့ ပြောရမှာ ဖြစ်တယ်ဗျ။ မိုးမကျခင်မှာပေါ့နော် လက်ဦးမှုယူပြီးတော့ ဆော၊ ကန်ပက်လက်၊ မင်းတပ်၊ ကျောက်ထု ပေါ့နော်၊ ဒီနေရာတွေကို အလျှင်အမြန် တပ်ဖြန့်လာတဲ့ အနေအထားမျိုးလို့တော့ တွေ့ရတယ်။”

မေ ၁၄ ရက်အထိ သတင်းတွေအရတော့ စစ်တပ်စစ်ကြောင်းတွေဟာ ဆောမြို့ပေါ်ကို ရောက်ရှိ နေပြီး စစ်ကြောင်းထိုးရာဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ ဆက်ရှိတဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ် တောင်ပိုင်းက မြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကျောက်ထု-မင်းတပ် လမ်းပိုင်းကို ပစ်မှတ်ထား လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013