DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားအဖွဲ့ ဆက်လက်ချီတက်
DVB
·
January 21, 2015
သပိတ်မှောက်ကျောင်းသားအဖွဲ့ ဆက်လက်ချီတက်
1 / 5
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ မန္တလေးက တက္ကသိုလ်ကျောင်းသားတွေဟာ ရန်ကုန်ထိ ဇန်န၀ါရီ ၂၀ ရက်နေ့ မနက်ကစတင်ပြီး ခရီးရှည် ချီတက်ဆန္ဒပြနေကြပါတယ်။

မန္တလေးမြို့ အိမ်တော်ရာဘုရာကနေ စတင်ထွက်ခွာလာတဲ့ ကျောင်းသားအဖွဲ့ဟာ မနေ့ညက ပုလိပ်မြို့မှာ ညအိပ်တည်းခိုခဲ့ပါတယ်။ ဒီမနက် အစောပိုင်းမှာတော့ ပုလိပ်မြို့ကနေ ကျောက်ဆည်မြို့ကို ချီတက်နေပါတယ်။

ဒီချီတက်မှုအတွင်း စဥ့်ကိုင်မြို့မှာ နားနေချိန် အာဏာပိုင်တွေက စာရွက်တွေ လာဝေပေးခဲ့တယ်လို့ ချီတက်ပွဲ ဦးဆောင်သူ တဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

“စဥ့်ကိုင်မှာ ထူးခြားတာတခုကတော့ ကျနော်တို့ ထမင်းစားနားနေတဲ့ နေရာကို ထွေအုပ်တို့၊ အက်စ်ဘီတို့ကနေပြီး ကော်မရှင်က ဝေခိုင်းတာ ဆိုပြီးတော့ မနေ့က သမ္မတလွှတ်တော်ကို ပို့တဲ့စာပါတဲ့ သတင်းစာတွေကို ကျောင်းသားတွေကို တယောက်ဆီ လိုက်ဝေတယ်ပေါ့။”

ဒါ့အပြင် ဒီကနေ့ည ကျောက်ဆည်မြို့မှာ တည်းခိုဖို့ စီစဉ်ထားတဲ့ ဘုန်းကြီးကျောင်းကို ဖိအားပေးတာ ရှိနေတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ကျောက်ဆည်မြို့မှာ တည်းခိုဖို့ စီစဉ်ထားတဲ့ ဘုန်းကြီးကျောင်းကို ထွေအုပ်ရယ်၊ ဦးစီးအရာရှိရယ်၊ ရဲတပ်ဖွဲ့က တာဝန်ရှိသူ တချို့ရယ်က လာပြီး ဒီကျောင်းသားတွေက ခွင့်ပြုချက်ယူထားတာ မရှိတဲ့အတွက် တည်းခိုတာကို လက်မခံဖို့အတွက် ဖိအားလာပေးတယ်။ အဲဒီအတွက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ တည်းခိုမယ့်အစီအစဉ်တော့ ဖျက်လိုက်ပြီးတော့ သီးခြားတည်းခိုမယ့်အစီအစဉ် ပြောင်းလိုက်ရတယ်” လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။

မန္တလေးကနေ ထွက်ခွာလာတဲ့ ကျောင်းသားသပိတ်အဖွဲ့မှာ ကျောင်းသူ ကျောင်းသား ၇၀ ကျော်နဲ့ ၀ိုင်းရံတဲ့ အင်အား စုပေါင်း ၁၀၀ ကျော် ချီတက်နေတာဖြစ်ပါတယ်။

ဒီလိုအလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ လှုပ်ရှားနေတဲ့ ကျောင်းသားအဖွဲ့ကလည်း ဒီကနေ့မှာ ကျောင်းသားသပိတ်စခန်းဖြစ်တဲ့ အရိုးဆေးကန် ဘုန်းကြီးကျောင်းကနေ နည်းပညာတက္ကသိုလ်ဆီ ချီတက်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမင်းလွင်ဦးက ပြောပါတယ်။

“အဲဒီတက္ကသိုလ်ဝင်းထဲကို ရောက်တာနဲ့ ကျောင်းအုပ်ကြီးကနေပြီး ကျနော်တို့ကို တားပါတယ်။ ကျနော်တို့က အတိုက်အခံလုပ်ရင်းနဲ့ ပြန်ပြီး ၀င်လို့ရခဲ့ပါတယ်။ အဲတော့ ကျနော်တို့ စာသင်ခန်းအပြင်ကနေပြီး ကျောင်းသားတွေကို စည်းရုံးကြတာပေါ့။ ကျောင်းသား ဦးရေက ၂၀၀ ၀န်းကျင်လောက်ရှိသွားတယ်။ စာသင်ခန်းအားလုံးပတ်ပြီး ကျနော်တို့အောက်ဆင်းပြီး ထိုင်သပိတ်လုပ်ကြပါတယ်။”

မနက်ဖြန်မှာလည်း ထားဝယ်မြို့ပေါ်က တက္ကသိုလ်ကောလိပ်ဆီသွားပြီး သပိတ်မှောက်ဖို့ စီစဉ်ထားတယ်လို့လည်း ကိုမင်းလွင်ဦးက ပြောပါတယ်။

ဒီကနေ့ ချီတက်ပွဲမှာ ဒေသခံရဲတပ်ဖွဲ့က သူတို့ကို ခွင့်ပြုချက်လာတင်ရင် ခွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တဲ့အတွက် ခွင့်ပြုချက်တင်ခဲ့တယ်လို့ ပြောပါတယ်။ ဇန်န၀ါရီ ၂၂ ကနေ ၂၄ ရက်နေ့အထိ ခွင့်ပြုချက်ယူထားတယ်လို့လည်းပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ ရက်ပေါင်း ၆၀ အတွင်း တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ အစိုးရထံ အချိန်ကန့်သတ်တောင်းဆိုခဲ့ကြပြီး သတ်မှတ်ချိန်ကျော်လွန်တဲ့အတွက် ရက် ၆၀ အလွန် လှုပ်ရှားမှုကို မနေ့က စတင်ခဲ့ကြတာပါ။

[gallery ids="77993,77994,77995,77996,77997"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013