
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ရေကြည်မြို့နယ်မှာ အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့က စက်သုံးဆီမှောင်ခိုရောင်းချမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက စက်သုံးဆီ မှောင်ခိုရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရေကြည်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာက အရပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် ဝတ်ထားသူတချို့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေသခံတယောက်က “ရေသန့်ဘူးအခွံတွေနဲ့ စက်သုံးဆီထည့်ပြီး ရောင်းတဲ့ အိမ်ဆိုင်က အရပ်သား ၂ ယောက် အဖမ်းခံရတာ။ မှောင်ခိုရောင်းတယ်ဆိုပြီး ဖမ်းတာပဲ။ ရဲစခန်းကို သွားစုံစမ်းပေမဲ့ စုံစမ်းလို့ မရခဲ့ဘူး” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ အရပ်သား ၂ ယောက်ဟာ ကိုဝင်းထိုက် နဲ့ မမိုးမိုးအေး တို့ဖြစ်ပြီး သူတို့ရဲ့ဆိုင်တွေက စက်သုံးဆီတချို့ကိုလည်း စစ်အာဏာရှင်တပ်လက်အောက်ခံအဖွဲ့က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂ ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုဝင်တွေ မသိရသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၇ ရက်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မယင်းကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို တရားမဝင် စက်သုံးဆီ သိုလှောင်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အာဏာရှင်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။











