
တရုတ်နိုင်ငံတဝန်း မိုးသည်းပြီး ရေကြီးရေလျှံနေချိန်မှာ အစိုးရက ကွမ်ရှီးပြည်နယ်ဆီ ကယ်ဆယ်ရေးလုပ်သားတွေ စေလွှတ်ခဲ့ရပါတယ်။
ခရီးသည် ၁၅ ယောက် တင်လာတဲ့ ပစ်ကပ်ထရပ်ကားတစီး ရေကြီးနေတဲ့ မြစ်ထဲ ပြုတ်ကျပြီးတဲ့နောက် မေ ၁၇ ရက်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးပြည်နယ်ရဲ့ ကျေးလက်ဒေသဆီ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေ စေလွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပါတယ်။
ရေကြီးလို့ လူတယောက် သေဆုံးပြီး ခရီးသည် ၉ ယောက် ပျောက်နေတုန်းပဲလို့ CCTV က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်မှာလည်း မေ ၁၅ ရက်ကစပြီး မိုးရွာလို့ လယ်ယာမြေတွေ ရေမြုပ်ခဲ့ပြီး ရှန်ယိုးမြို့က မူလတန်းကျောင်းတကျောင်းကို နောက် ၂ ရက်ကြာ ပိတ်ထားခဲ့ရတယ်လို့ CCTV က ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမှာလည်း သီတင်းပတ်ကုန်ရက်က မိုးသည်းလို့ ရေကြီးရေလျှံမှုအန္တရာယ် မြင့်တက်လာတယ်လို့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြည်နယ်အာဏာပိုင်တွေနဲ့ အစည်းအဝေးတွေအတွင်း ပြောပါတယ်။
Source: Reuters











