DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများ ရာဇသံရက် ၆၀ အလွန် လှုပ်ရှားမှု စတင်
DVB
·
January 20, 2015
သပိတ်မှောက်ကျောင်းသားများ ရာဇသံရက် ၆၀ အလွန် လှုပ်ရှားမှု စတင်
1 / 7
Donate to DVB

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်တဲ့အနေနဲ့ မန္တလေးနှင့်ထားဝယ်က တက္ကသိုလ်ကျောင်းသားတွေဟာ ရန်ကုန်ထိ စစ်ကြောင်း၂ ကြောင်းနဲ့ ဒီကနေ့ မနက်က ခရီးရှည် ချီတက်ဆန္ဒပြပွဲ စတင်လိုက်ပါတယ်။

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာရေးအတွက် ရာဇသံရက် ၆၀ အလွန် လှုပ်ရှားမှုအနေနှင့် စတင်လိုက်တာပါ။

မန္တလေးမြို့ အိမ်တော်ရာ ဘုရားကနေ ၉ နာရီခွဲမှစတင်၍ ပြည်လမ်းအတိုင်းထွက်ခွာပြီး မြိုအထွက်မှာရှိတဲ့ မန္တလေးတက္ကသိုလ်ဘက်ကို ထွက်နေတယ်လို့ မန္တလေး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောပါတယ်။

“မန္တလေးကနေပြီးတော့ ကျနော်တို့က ပလိပ်မြို့ကို လမ်းလျှောက်သွားမယ်ပေါ့နော်။ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေကို ပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေသိအောင် ကျောင်းသားတွေပါဝင်လာအောင် စည်းရုံးသွားမယ့် ပုံစံမျိုးနဲ့သွားမှာပါ။”

အိမ်တော်ရာဘုရားက စတင်ထွက်ခွာချိန်မှာ ကျောင်းသားပြည်သူတွေရော၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေပါ ပူးပေါင်းထွက်ခွာလာပြီးလူအင်အား ၂၀၀ ကျော်လောက် ရှိတယ်လို့ ပြောပါတယ်။
ဒီချီတက်ဆန္ဒပြမှုအတွင်းမှာလည်း “အရေးကြီးပြီ”ဆိုတဲ့ ၁၉၈၈ ခုနှစ် ကျောင်းသားသပိတ်တုန်းက သီချင်းဖွင့်ပြီး ချီတက်သလို ကျောင်းသားပြည်သူကို အခြေမခံသော အမျိုးသားပညာရေးဥပဒေကို အလိုမရှိကြောင်း ကြွေးကြော်ချီတက်ခဲ့ကြပါတယ်။

ကိုအောင်နေပိုင်က “ရက် ၆၀ အတွင်းမှာ အစိုးရအနေနဲ့ တစ်စုံတရာ အကြောင်းမပြန်ဘူး။ တစ်စုံတရာ အသိအမှတ် မပြုတဲ့အတွက် ကျနော်တို့ အနေနဲ့ ဒီမိုကရေစီတိုက်ပွဲကို ဆက်ပြီး လုပ်ဆောင်တဲ့သဘောဖြစ်ပါတယ်။ ဒီမနက် အိမ်တော်ရာဘုရားမှာ လူစုပြီးတော့မှ ကျနော်တို့ စစ်ကြောင်းထွက်မှာပါ။ လမ်းလျှောက် ချီတက်မယ့် လူအင်အားက ကျနော်တို့ ခန့်မှန်းလို့ မရသေးပါဘူး။ မြင်းခြံပခုက္ကူလမ်းက နေသွားမှာပါ။ ကျနော်တို့ ရန်ကုန်ကို ၁၅ ရက်အတွင်းရောက်အောင် ခန့်မှန်းထားပါတယ်။ အရေအတွက်ကတော့ ဘယ်လောက်ရှိမလဲ မသိရသေးပါဘူး”လို့ ပြောပါတယ်။

ထားဝယ်ခရိုင် စစ်ကြောင်းကတော့ လောကမာရဇိန် ဘုရားကြီးဝင်းကနေ ဒီမနက် ၇ နာရီ ထွက်ခွာပါတယ်။

ထားဝယ်ကျောင်းသားသပိတ်ကို မနက် ၈ နာရီ ၁၅ လောက်မှာ လောကမဏ္ဍပ် ဘုရားကြီးမှ စတင်ထွက်ခွာပြီး မြို့တပတ်လောက်ကိုပတ်ပြီး ထားဝယ်သက္ကသိုလ်မှာ ရောက်ရှိခဲ့ပြီး ထားဝယ်သက္ကသိုလ်ကျောင်းသားတွေနဲ့ ထပ်မံပူးပေါင်း ဆန္ဒထုတ်ဖော် နေကြတာလို့ ဆန္ဒပြဦးဆောင်သူတဦးဖြစ်တဲ့ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမင်းလွင်ဦးက ပြောပါတယ်။

“ဒီဆန္ဒပြပွဲကို ကျနော်တို့ ထားဝယ်ကျောင်းသားတွေ ဆက်လက်လုပ်ဆောင်သွား ဖို့ရှိတယ်။ နောက်ပြီး အခု မန္တလေးမှာ စထွက်တဲ့ သပိတ်နဲ့ ကျနော်တို့ ပြန်ပေါင်းဖို့ အစီအစဉ် ရှိပါတယ်။ မနက်ဖြန်မှာဆိုရင် ကျနော်တို့ ထားဝယ်မြို့မှာရှိတဲ့ ကွန်ပျူတာသက္ကသိုလ်၊ ပညာရေးသက္ကသိုလ် တကျောင်းပြီး တကျောင်းသွားဖို့ အစီအစဉ်ရှိပါတယ်။ ”

ဆန္ဒပြပွဲမှာ ကျောင်သားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး…. ဒို့အရေး၊ ကျောင်းသားပြည်သူကို အခြေမခံသော အမျိုးသားပညာရေးဥပဒေကို အလိုမရှိ၊ ဒီမိုကရေစီ ပညာရေး… ဒို့အရေး၊ သပိတ်သပိတ်မှောက်..မှောက်၊ အရေးတော်ပုံ အောင်ရမည် စတဲ့ ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြနေကြပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုမှာ ဒေသခံအာဏာပိုင်တွေက ဥပဒေနဲ့မညီဘူးဆိုပြီး တားမြစ်မှုတွေရှိနေတဲ့ကြားက သပိတ်မှောက်ကြတာလို့လည်း ကိုမင်းလွင်ဦးက ပြောပါတယ်။

ကျောင်းသားနဲ့ ဆရာတွေရဲ့ သဘောထားဆန္ဒ မပါဘဲ အစိုးရအလိုကျ ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျောင်းသားတွေက မြန်မာပြည်အနှံ့မြို့ကြီးတွေဟာ သပိတ်ကန့်ကွက် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဆန္ဒကို လိုက်လျောဆောင်ရွက်ပေးဖို့ ကြေညာထားတာဖြစ်ပါတယ်။
[gallery ids="77742,77743,77744,77745,77746,77747,77748"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013