
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆာရဖီးမြို့နယ်ထဲမှာ တန်ဖိုးကြီး ဇိမ်ခံအိမ် ငှားရမ်းနေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်ကျားဖြန့်ဂိုဏ်းသား ၁၀ ယောက် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆာရဖီးမြို့နယ်၊ နောင်ဖိန့်ရပ်ကွက်ထဲမှာ သံသယရှိတဲ့ တရုတ်နိုင်ငံသားတချို့ ဝင်ရောက်နေထိုင်ကြောင်း သတင်းပေးပို့ချက် ရတာကြောင့် တိုင်းဒေသ ၅ ရဲဌာနချုပ် (PCT 5) က တာဝန်ရှိသူတွေဟာ ဇွန် ၈ ရက် မနက် ၁၁ နာရီခွဲလောက်က အဆိုပါရပ်ကွက်ရှိ ဇိမ်ခံအိမ်ကြီး တလုံးကို သွားရောက်စစ်ဆေးခဲ့ကြတယ်။
အဲဒီအိမ်ကနေ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသားရော အမျိုးသမီးပါ စုစုပေါင်း ၁၀ ယောက်ကို လုပ်ငန်းသုံး ကွန်ပြူတာ၊ လက်တော့ပ်၊ ဖုန်း စုစုပေါင်း အလုံး ၈၀ ကျော် သက်သေခံအဖြစ် ဖမ်းဆီးရမိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ဘာသာပြန်နဲ့တဆင့် စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ရက်ပေါင်း ၆၀ နေထိုင်ခွင့်ဗီဇာနဲ့ ထိုင်းထဲကို ဝင်ရောက်လာတယ်၊ အဆိုပါ ဇိမ်ခံအိမ်ကြီးကို တလ ဘတ် ၈၀,၀၀၀ နဲ့ ငှားရမ်းနေထိုင်တယ်၊ Scammer (လိမ်လည်) အလုပ်လုပ်တာ တလကို ဒေါ်လာ ၁,၀၀၀ မှ ၁,၆၀၀ (ထိုင်းဘတ်ငွေ တလ ဘတ် ၃၅,၀၀၀ မှ ၄၀,၀၀၀) ထိ ရကြပြီး ခရစ်ပ်တိုငွေအနေနဲ့ လည်ပတ်တယ်၊ သူတို့ ထိုင်းကိုရောက်လာတာ ၂- ၃ လပဲ ရှိသေးတယ်၊ ဘော့စ် အလုပ်ရှင်က နိုင်ငံခြားမှာရှိတယ်၊ သူ့နာမည်ရင်းကို မသိဘူး၊ ကျားဖြန့်လုပ်ပြီး ရတဲ့ငွေတွေ နိုင်ငံခြားကို လွှဲပေးရတယ်လို့ ဖမ်းဆီးခံရသူတွေက ပြောပါတယ်။
အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ထဝပ်ချိုင်း ဖုန်းဝိဝပ်ချိုင်းက “အခုဖမ်းဆီးရမိတဲ့ သူတွေဟာ ထိုင်းမြေကို အသုံးချပြီး တရုတ်ပြည်မှာရှိတဲ့ သူတို့နိုင်ငံသားချင်းကို ပြန်လိမ်တာ ဖြစ်တယ်။ လိမ်ပုံလိမ်နည်းကလည်း ထိုင်းနိုင်ငံသားတွေ ခံရတဲ့ပုံစံနဲ့ အတူတူပါပဲ၊ အာမခံကုမ္ပဏီက ကိုယ်စားလှယ်၊ ပါဆယ်ပစ္စည်းပို့ကုမ္ပဏီက ကိုယ်စားလှယ် စသဖြင့် အယောင်ဆောင်ပြီး သားကောင်တွေကို အက်ပ်အပလီကေးရှင်း ဒေါင်းလုတ်ဆွဲခိုင်းတယ်။ အဲဒီထဲက အချက်အလက်တွေကို ဟက်ခ်ယူပြီး ခြိမ်းခြောက် ငွေလိမ်ယူတာတွေ လုပ်တယ်” လို့ ပြောပါတယ်။
ဒီမတိုင်ခင် ရှေ့ကလည်း မဲ့လိမ်းနဲ့ ဟန်ဒုံးမြို့နယ်ထဲကနေ တရုတ်နိုင်ငံသား ကျားဖြန့်ဂိုဏ်းဝင် ၁၀ ယောက် ဖမ်းဆီးရမိခဲ့သေးတယ်။
သူတို့လည်း အလားတူ ရက်ပေါင်း ၆၀ ဗီဇာနဲ့ ဝင်ရောက်လာတယ်၊ တချို့ကတော့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ဗီဇာအိုဗာစတေး ဖြစ်သူလည်း ရှိတယ်၊ အဆိုပါအမှုလည်း မပြီးပြတ်သေးဘဲ ဆောင်ရွက်ဆဲအဆင့်မှာ ရှိတယ်လို့ ဒုရဲမှူးချုပ် ထဝပ်ချိုင်းက ပြောပါတယ်။
Source: Chiangmai News










