
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်မှာ သြဂုတ် ၁၂ ရက် ညနေ ၄ နာရီခွဲက ခရီးသွား အမျိုးသမီးတယောက်ကို စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေက PSMS စနစ်နဲ့ စစ်ဆေးပြီး ဖမ်းဆီးသွားတယ်လို့ လေဆိပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ညနေ ၄ နာရီခွဲက တာချီလိတ်လေဆိပ်ကနေ ဟဲဟိုးလေဆိပ်ကို ထွက်ခွာမဲ့ ခရီးသည်တွေကို စစ်အာဏာရှင်တပ် လက်အောက်ခံ လေဆိပ်ရဲတွေက PSMS စနစ်ကို အသုံးပြုပြီး စစ်ဆေးရာ အမျိုးသမီးတယောက် ဖမ်းဆီးခံရတာလို့ လေဆိပ်နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့က တာချီလိတ်လေဆိပ်မှာ PSMS စနစ်နဲ့စစ်တာ ကောင်မလေးတယောက် အဖမ်းခံရတယ်။ စဖမ်းတုန်းက ရဲတွေက လေဆိပ်မှာပဲထားတာ၊ ၅ နာရီကျော်လောက်မှာ စစ်သားတွေ ရောက်လာပြီး ကောင်မလေးကို ကားနဲ့ခေါ်သွားတယ်၊ ဘယ်ခေါ်သွားလဲတော့ မသိဘူး။”
ဖမ်းဆီးခံရသူ အမျိုးသမီးမှာ မအေးငြိမ်းစံ (ခ) အိမ့် ဖြစ်ပြီး ၂၀၂၄ ခုနှစ်က တာချီလိတ်မြို့နယ် ရဲစခန်းက တရားခံပြေးအဖြစ် သတ်မှတ်ထားသူဖြစ်ကြောင်း စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ သူက ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်းက စစ်ဆေးရေးဂိတ်တွေမှာ PSMS စနစ်ကို အသုံးပြုပြီး အရပ်သား ပြည်သူတွေကို ဖမ်းဆီးနေတာလို့ ကုန်ကားမောင်းသူတယောက်က DVB ကို ပြောပါတယ်။
“ရှမ်းအရှေ့နဲ့ ရှမ်းတောင်က စစ်ဆေးရေးဂိတ်တွေမှာဆို PSMS စနစ်ကြောင့် အဖမ်းခံရတာ များတယ်။ စစ်ဆေးရေးဂိတ်တွေထဲမှာ လွိုင်လင်မြို့က နေမင်းရောင်တိုးဂိတ်နဲ့ ကာလီမြို့က တာကော်တံတား စစ်ဆေးရေးဂိတ်က နာမည်ကြီးတယ်။ အဲဒီဂိတ်တွေမှာ မကြာခဏ ဖမ်းတယ်။”
မြန်မာနိုင်ငံအနှံ့က စစ်အာဏာရှင်တပ် စိုးမိုးရာနေရာတွေမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးခံရသူ ၁,၆၀၀ ကျော်အထိ ရှိတယ်လို့ တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတခုက မေလထဲမှာ ဖော်ပြထားပါတယ်။











