DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဒုက္ခသည်စခန်းတွင် နှစ်ရှည်ခိုလှုံနေသူများကို မှတ်ပုံတင်အထောက်အထား ထုတ်ပေးမည်
DVB
·
May 27, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတခု။ (Photo: DVB ပုံဟောင်း)
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတခု။ (Photo: DVB ပုံဟောင်း)
Donate to DVB

မြန်မာပြည်က တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းရှည်ကြာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ကိုယ်ရေးရာဇဝင်စိစစ်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စုအထောက်အထားတွေ ထုတ်ပေးဖို့  ထိုင်းနိုင်ငံ ဗဟိုမှတ်ပုံတင်ဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက် ဝန်ကြီးများအစည်းအဝေးမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နယ်စပ်ဒုက္ခသည်စခန်းကလူတွေကို ပြင်ပထွက်ပြီး အလုပ်လုပ်ခွင့်ပြုဖို့ အဆိုပြုခဲ့တဲ့ကိစ္စကို အစိုးရဝန်ကြီးများ အစည်းအဝေးက သဘောတူခဲ့ပြီး ဖြစ်ပါတယ်။

ဒါနဲ့ဆက်စပ်ပြီး လူဦးရေစိစစ်ရေးမှာ လွယ်ကူစနစ်တကျရှိစေဖို့၊ သက်ဆိုင်ရာတာဝန်ရှိသူ တွေအနေနဲ့ ထိန်းချုပ်ကွပ်ကဲရေးမှာ လွယ်ကူစေဖို့၊ ထိုင်းနိုင်ငံရဲ့ စီးပွားရေး တွန်းအားဖြစ်စေဖို့ အတွက်ရော  လူ့အခွင့်အရေးမြှင့်တင်တဲ့ အနေနဲ့ပါ အဆိုပါကန့်သတ်နယ်မြေထဲ ယာယီနေထိုင်ခွင့် ပြုထားတဲ့  ဒုက္ခသည်စခန်းကလူတွေကို ဥပဒေနဲ့အညီ ကိုယ်ရေးရာဇဝင်တွေ စိစစ်ပြီး မှတ်ပုံတင် အထောက်အထား ပြုလုပ်ပေးဖို့ ဗဟိုမှတ်ပုံတင်ဌာနအနေနဲ့ လျော်ကန်သင့်မြတ်ကြောင်း ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။

ဒါကြောင့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့  ဘန်ကောက်နဲ့တကွ သက်ဆိုင်ရာ ခရိုင်အသီးသီးမှ မှတ်ပုံတင်ဌာနတွေ၊ နယ်မြေလုံခြုံရေးကောင်စီတွေကို ၂၀၂၆ ခု ဧပြီ ၃၀ ရက် နေ့စွဲနဲ့ စာထုတ် အကြောင်းကြားထားတယ်လို့ နိုင်ငံမဲ့သူများ အထောက်အထားအကြောင်း ပညာပေးနေတဲ့ မှတ်ပုံတင်ဦးစီးအရာရှိတယောက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

အထောက်အထား ထုတ်ပေးမဲ့အကြောင်း ထိုင်းသတင်းနဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြနေပေမဲ့ လက်တွေ့မှာတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့ မယ်ဟောင်ဆောင်ခရိုင် နိုင်းဆွယ်ဒုက္ခသည်စခန်းနေထိုင်သူတယောက်က DVB ကို ပြောပါတယ်။

“မှတ်ပုံတင်လုပ်ပေးမယ်လို့တော့ ကြားပါတယ်။ ဒါပေမဲ့ ကျေးရွာအုပ်ချုပ်ရေး၊ စခန်းတာဝန်ခံတွေဆီက တရားဝင်လာပြီး ရှင်းပြတာတော့ မရှိသေးဘူး။ ကျနော်တို့ကတော့ အဲဒီလက်မှတ်ကို လိုချင်တာပေါ့။ ဒါမှ စခန်းပြင်ထွက်ခွင့်၊ အလုပ်လုပ်ခွင့်၊ ပြီးတော့ ဘဏ်ငွေစာရင်း ဖွင့်တာ၊ ယာဉ်မောင်းလိုင်စင် ဘာညာ လုပ်လို့ရမှာပေါ့။ အခုက ယူအန်အိပ်ချ်စီအာက ထုတ်ပေးတဲ့ လက်မှတ်ပဲ ရှိတယ်လေ။”

ဒုက္ခသည်တယောက်က “ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်စခန်းနေသူတွေကို အလုပ်သမားအဖြစ် ခေါ်ယူတာရှိတယ်။ သက်ဆိုင်ရာ အလုပ်ရှင်တွေက အုပ်ချုပ်ရေးရုံးကနေတဆင့် ခေါ်ယူတယ်။ အလုပ်ရှင် အလုပ်သမားကြား စာချုပ် ချုပ်ရတယ်။ ဒါပေမဲ့ အနည်းစုသာ အလုပ်ရသွားတယ်။ နိုင်းဆွယ်ဒုက္ခသည်စခန်းမှာ အလုပ်လုပ်နိုင်သူဦးရေ ၇,၀၀၀ လောက်ရှိတာ ၂၀၀ ကျော်ပဲ အလုပ်ရသေးတယ်။ အလုပ်အများစုက ထိုင်းအရှေ့ပိုင်း ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိုင်းတောင်ပိုင်း ခြံလုပ်ငန်းတွေဖြစ်တယ်။ သိပ်ဝေးတော့ တချို့က မသွားချင်ဘူး။ ဖြစ်နိုင်ရင် ထိုင်းမြောက်ပိုင်းမှာပဲ လုပ်ချင်တယ်။ ဘာပဲဖြစ်ဖြစ် အရင်ကထက်တော့ အခြေအနေ ကောင်းလာပါတယ်။ မှတ်ပုံတင် အထောက်အထား ရလာရင်တော့ ပိုကောင်းလာမယ်” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ယူအန်အိပ်ချ်စီအာရ် (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) အသိအမှတ်ပြု ဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ သောင်းနဲ့ချီ ရှိပါတယ်။

အရင်က ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းနဲ့ နိုင်ငံတကာအလှူရှင်တွေဆီက စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ ရခဲ့ပေမဲ့ ကမ္ဘာ့အခြေအနေ အရပ်ရပ်ကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကစပြီး အဆိုပါ ကူညီထောက်ပံ့မှုတွေ မရတော့ဘဲ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။

အဆိုပါအခက်အခဲကို ဖြေရှင်းတဲ့အနေနဲ့ ထိုင်းအစိုးရက ပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

Source: ထိုင်းနိုင်ငံဗဟိုမှတ်ပုံတင်ဌာန

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013