DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ၁၀ နှစ်ခံကတ်ပြား ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသား ၇၀၀ ကို စိစစ်နေ
အောင်ခန့်
·
August 6, 2026
Photo: Thai Official
Photo: Thai Official
Donate to DVB

မဲဆောက်မြို့မှာ  ၁၀ နှစ်ခံကတ်ပြား တရားမဝင်ပြုလုပ်ပေးတဲ့ ဝန်ထမ်းတွေ၊ ကိုင်ဆောင်ထားတဲ့ မြန်မာအပါအဝင် ဆက်နွှယ်သူ ၁၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် ၁၀ နှစ်ခံကတ် ကိုင်ထားသူ မြန်မာနိုင်ငံသား ၇၀၀ ကို စိစစ်နေတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ရဲ့ (ဥက္ကဋ္ဌ) ဦးမိုးကြိုးက ပြောပါတယ်။ 

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ  ၁၀ နှစ်ခံကတ်ပြား တရားမဝင်ပြုလုပ်ပေးတဲ့ ဝန်ထမ်းတွေ၊ ကိုင်ဆောင်ထားသူတွေနဲ့ ပတ်သက်ဆက်နွှယ်သူ ၁၇ ယောက်ကို ဩဂုတ် ၄ ရက်နေ့ မနက်မှာ  အင်အား ၁၃၀ ကျော်ရှိတဲ့ ထိုင်းအာဏာပိုင်တွေနဲ့ရဲတွေက စီမံချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ 

ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်း ၁၃ ခု၊ ရှာဖွေခွင့် ၂ ခုနဲ့ မဲဆောက်စည်ပင်ရုံး အိမ်ထောင်စုမှတ်ပုံတင်ဌာနကို ဝင်ရောက်စီးနင်းခဲ့ရာမှာ လက်ရှိ ဝန်ထမ်း ၂ ယောက်၊ ဝန်ထမ်းဟောင်း ၁ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ရဲ့ စာရွက်စာတမ်းတွေကို တွေ့ရှိခဲ့ပါတယ်။ 

မြန်မာနိုင်ငံသား ၁၂ ယောက်ရဲ့ လက်ဗွေတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေလို့ နှိမ်နင်းရေးနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီ ၁၀ နှစ်ခံကတ်ပြားတွေကို အတုအပပြုလုပ်တဲ့သူတွေ၊ တရားမဝင် ပြုလုပ်တဲ့သူတွေ ရှာဖွေဖော်ထုတ်အရေးယူတဲ့ အထူးစီမံချက်နဲ့ ပတ်သက်ပြီးတော့ အကုန်လုံး အထိတ်တလန့်ဖြစ်ကြတယ်။ အဖမ်းမခံရသော်လည်း ငါတို့များ လာပြီးတော့ စစ်ဆေးမလား၊ ခေါ်ယူမလား ဆိုပြီးတော့ အထိတ်တလန့်ဖြစ်တာပေါ့။ လိုအပ်တဲ့ စစ်ဆေးမှုတွေ  ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အဆင့်ဆင့်ပြုလုပ်ပြီးတော့  သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ရှောင်တခွင့်  ပိုက်စိပ်တိုက်ပြီးတော့  ပိုပြီူတော့ ဖိဖိစီးစီး စစ်ဆေးအရေးယူလိုက်တဲ့အခါကျတော့ မြန်မာနိုင်ငံသား ၁၂ ယောက်၊ ထိုင်း ၅ ယောက်၊ လောလောဆယ် ၁၇ ယောက်၊ ဆက်ရန်ရှိပါသေးတယ်၊ မပြီးသေးဘူး။ အဲဒီတော့ မြန်မာနိုင်ငံသား အယောက် ၇၀၀ မြန်မာချည်းပဲ။ သူတို့ အလွယ်ခေါ်တဲ့ ၁၀ နှစ် နေထိုင်ခွင့် ကတ်ပြားကိုင်ဆောင်ထားသူတွေ အကုန်လုံးက ပထမအဆင့် သူတို့ ကိုင်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေ ကန်ဆယ် အသုံးမဝင်တော့ဘူး။  ဒါကို ဆက်လက်အသုံးပြုမယ် ဆိုရင်တော့ ခေါ်ယူစစ်ဆေးမေးမြန်းပြီးတော့ အရေးယူခံရမယ်” လို့ ပြောပါတယ်။

ဒါအပြင် နေထိုင်ခွင့် ၁၀ နှစ်ခံကတ် ကိုင်ဆောင်ထားသူတွေဟာ တယောက်ကို ဘတ် ၄၀,၀၀၀ ကနေ  ဘတ် ၁၀၀,၀၀၀ အထိ အခကြေးငွေပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ၁၀ နှစ်ခံကတ်တွေကို ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့အတွက် တရားမဝင်နေထိုင်တဲ့သူအဖြစ် ဖမ်းဆီးပြီး မြန်မာပြည်ဘက် ပြန်ပို့မှာကို  စိုးရိမ်တယ်လို့ ၁၀ နှစ်ခံကတ်ပြုလုပ်ထားသူတွေက ပြောပါတယ်။

၁၀ နှစ်ခံကတ် ကိုင်ဆောင်ထားသူတယောက်က “ဘာတွေ စိုးရိမ်ရလဲဆိုတော့ ဒီဟာတွေ ဖျက်သိမ်းလိုက်ပြီဆိုတော့ အကုန်လုံးက လူဦးရေ ၇၀၀ လောက်က ဝစ်သောက်ဖြစ်သွားပြီ။ တရားမဝင်နေထိုင်တဲ့သူ ဖြစ်သွားပြီဆိုတော့ နောက်ဆက်တွဲ ဖမ်းဆီးတာတို့ အရေးယူတာတို့ ဒါတွေ လုပ်လာမှာကို စိုးရိမ်တာပေါ့။ ပြီးတော့ မြန်မာပြည်ဘက်ကို ပြန်ပို့မှာတွေ ဒါတွေ စိုးရိမ်ရတာပေါ့။ ဘာမှတော့ မျှော်လင့်ချက် မရှိလောက်ဘူး။ အနေအထားတခုက အထောက်အထားတခုခုကို ပြန်လုပ်ရမဲ့အနေအထား။ ဘယ်လိုလုပ်ပေးမလဲ ဆိုတာကို စဉ်းစားရမှာပေါ့။ ထိုင်းအစိုးရအနေနဲ့ လူပေါင်း ၇၀၀ ကနည်းတာ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။

လက်ရှိမှာ နေထိုင်ခွင့် ၁၀ နှစ်ခံကတ်ကိုင်ဆောင်ထားသူတွေ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးရာမှာ ဆိုင်းငံထားပြီး ဘဏ်ကတ်နဲ့ပတ်သက်ပြီး အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်နေထိုင်ခွင့်ရရှိရေး ပွဲစားတွေကို မယုံဖို့နဲ့ အထောက်အထား စုံလင်တဲ့ ထိုင်းကုမ္ပဏီတွေနဲ့သာ ဆက်သွယ်လုပ်ကိုင်ကြဖို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(ဥက္ကဋ္ဌ)  ဦးမိုးကြိုးက တိုက်တွန်းထားပါတယ်

“မြန်မာပွဲစားအမျိုးမျိုး ရှိပါတယ်။ မှန်ကန်တဲ့ပွဲစား ရာခိုင်နှုန်းနည်းနည်းပဲ ရှိပါတယ်။ လူနည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ အများစုမမှန်ဘူး။ အဲဒီအတွက် ထိုင်းနိုင်ငံက တရားဝင်အဆောက်အအုံတွေ၊ ဆိုင်းဘုတ်တွေနဲ့ မှတ်ပုံတင်ထားတဲ့ ထိုင်းစာရွက်စာတမ်းအထောက်အထား ကုမ္ပဏီတွေနဲ့သာ ဆက်သွယ်ပြီးလုပ်ပါ။ အဲဒီကုမ္ပဏီမှာလည်း စကားပြန်ဝန်ထမ်းတွေ၊ စာရေးဝန်ထမ်းတွေ  မြန်မာတွေ ရှိပါတယ်။ အဲဒီလိုတရားဝင်ပြုလုပ်ပေးတဲ့ ကုမ္ပဏီတွေနဲ့လုပ်ပါ။ လမ်းလျှောက်ပွဲစား၊ ဆိုင်ကယ်စီးပွဲစား၊ ကားစီးပွဲစားအမျိုးမျိုး ကိုယ့်အိပ်ရာဘေးထိ လာနှိုးပြီးတော့ စာရွက်စာတမ်း အစ်ကိုတို့ အစ်မတို့ လုပ်ကြဦးမလားဆိုတာတွေ ဒီအချိန်ကစပြီး လျစ်လျူရှု ဥပေက္ခာပြုလိုက်ပါ။”

လက်ရှိမှာ နေထိုင်ခွင့် ၁၀ နှစ်ခံကတ် ကိုင်ဆောင်ထားသူတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ထွက်ပြေးတိမ်းရှောင်ရင်း ခိုလှုံလာသူတွေလို့ သိရပါတယ်။ 

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မဲဆောက်မြို့နယ်၊ ဟွေ့ခလုတ်ကျေးရွာက ကျေးရွာလူကြီးနဲ့ မြန်မာပွဲစား ၁ ယောက် ၁၀ နှစ်ခံကတ်ရရှိရေး တရားမဝင်လုပ်ပေးခဲ့တာကြောင့် ပါဝင်ပတ်သက်သူတွေ အရေးယူခံခဲ့ရတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013