DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီး၊ စက်သုံးဆီနှင့် ကုန်ကြမ်း အခက်အခဲကြောင့်  SMEs လုပ်ငန်းများ ရပ်နားရနိုင်
DVB
·
March 28, 2026
Photo:DVB
Photo:DVB
Donate to DVB

မြန်မာနိုင်ငံမှာ စွမ်းအင်ချွေတာတဲ့အနေနဲ့ လျှပ်စစ်မီးကို အလှည့်ကျနဲ့သာရရှိတာ၊ စက်သုံးဆီဈေး မြင့်တက်တာ၊ ဝယ်ယူရ ခက်ခဲတာနဲ့ ထုတ်ကုန်အတွက် သွင်းအားစု(ကုန်ကြမ်း)တွေ ရှားပါးတာတွေ ကြောင့် အသေးစားအလတ်စား SMEs လုပ်ငန်းရှင်တွေ အခက်ကြုံနေရသလို ဆက်လက်ပြီး ကျပ်တည်းနေမယ်ဆိုရင် လုပ်ငန်းတွေ ရပ်ဆိုင်းရနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်၊

SMEs လုပ်ငန်းရှင်တယောက်က “ဒီအသေးစားအလတ်စားလုပ်ငန်းတွေအတွက်က အကျပ်အတည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ရမှာပဲ။ အစောပိုင်းမှာတောင်မှ အခက်အခဲတွေ အများကြီး ရင်ဆိုင်ထားရတဲ့ မြန်မာနိုင်ငံရဲ့ အနေအထားပေါ့နော်။ အခုလိုမျိုး မီးတွေကလည်းပြတ်၊ တဖက်မှာလည်း ဆီဈေးတွေက အရမ်းမြင့်တဲ့ အခါကျတော့ လည်ပတ်ဖို့ရာအတွက်ပိုလို့ အခက်အခဲကြုံတယ်။ သွင်းအားစုတွေကလည်း အရမ်းမြင့်လာတဲ့အခါကျတော့ ကုန်ဈေးနှုန်းတွေ ကို တက်မယ်ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အခြေအနေက ဝယ်ယူသူက နည်းလာတဲ့အခါ ဈေးနှုန်းတွေ က အရမ်းကာရောလည်း တက်လို့ မရဘူး။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျနော်တို့ ဒီထုတ်လုပ်မှု တွေကို ရပ်ဆိုင်းရဖို့ ရှိနေတာပေါ့။ သို့သော်လည်း တဘက်မှာက ကျနော်တို့ စားဝတ်နေရေးအတွက် ကျနော်တို့ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ပြဿနာလည်း ရှိတဲ့အခါ ကျတော့လေ၊ ကျနော်တို့အတွက် စဉ်းစားရ ဆုံးဖြတ်ရတာတွေကလည်း အရမ်းခက်နေပါတယ်” လို့ပြောပါတယ်။

ကုန်ထုတ်လုပ်မှုတွေမှာ သွင်းအားစုပြဿနာနဲ့အတူ ကျပ်တည်းလာတဲ့ စက်သုံးဆီရှားပါးတဲ့ အခြေအနေတွေက လုပ်ငန်းရှင်တွေကို ကုန်ထုတ်စွမ်းအားတွေ ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်လာစေပါတယ်။

SMEs လုပ်ငန်းရှင်တယောက်က “အရင်တုန်းကဆို မီးတခုပဲ ပြတ်တာပေါ့နော်။ မီးစက်ဆီတွေ ဘာတွေ ဝယ်လို့ရတယ်။ အခုဆိုရင်တော့ မီးပြတ်ချိန်မှာ မီးစက်ဆီတွေ ဘာတွေ ဝယ်ရ ခက်တာတော့ တော်တော်လေး အခက်အခဲ ဖြစ်တယ်။ ရုံးသွား ရုံးပြန် သွားနေရတာတွေ လိုအပ်လို့ သွားနေရတာတွေ ဆိုရင်တော့ အဆင်မပြေဘူး ပေါ့နော်။ အဲဒီမှာပဲ အချိန်တွေ တော်တော် ကုန် နေရတာ။ ကားဆီ သွားတန်းစီခိုင်းရတာနဲ့ ဆီသွားဖြည့်ဖို့ လုပ်နေရတာနဲ့ ဆိုတော့ အလုပ်ဘက်ကို အာရုံမစိုက်နိုင်တော့ဘူး။ Productive မဖြစ်ဘူးပေါ့နော်။ တနေ့ တနေ့ Productive ဖြစ်ဖို့ထက် သွားရေးလာရေး ရဖို့ကိုတောင် ရုန်းကန်နေရသလို ဖြစ်တာပေါ့။ အခက်အခဲ ကြားထဲမှာပဲ ရှင်သန် နေဖို့က အရေးကြီးသလို ဖြစ်နေတာပေါ့။ တိုးတက်ဖို့ဆိုတာ မရှိတော့ဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ လျှပ်စစ်မီးက အုပ်စု ၂ စုခွဲပြီး ၄ နာရီခြား တခါအလှည့်ကျစနစ်နဲ့ ပေးနေတာဖြစ်ပြီး မီးလာရမဲ့ အချိန်တွေမှာ အချိန်အပြည့် မလာတဲ့အတွက် အအေးခန်းအသုံးပြုရတဲ့ စားသောက် ကုန်ထုတ်လုပ်တဲ့ အိမ်တွင်း လုပ်ငန်းငယ်လေးတွေက အရှုံးပေါ်နေတာဖြစ်ပါတယ်၊

အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတယောက်က “မီးတွေက အခုအရင်လို ပြန်ပြတ်ပြီးတော့ အချိန်နဲ့ ပြန်ပေးတဲ့အခါကျတော့ ဒုက္ခတွေ ရောက်တာပေါ့။ အခု ဒီမီးနဲ့ ပတ်သက်ပြီးတော့ ကိုယ်က လုပ်ငန်းလုပ်နေရတယ်ဆိုတော့ ဆုံးရှုံးမှုတွေ ရှိတယ်။ နစ်နာမှုတွေ ရှိတာပေါ့နော်။ အများကြီးပဲ။  မီးပြတ်တဲ့အခါကျတော့ ပစ္စည်းတွေက အကုန်လုံး သုံးမရဖြစ်ကုန်တယ်ဆိုတော့ အရင်းတွေ ပြုတ်ကုန်တာပေါ့။ အအေးခန်းထဲ ထည့်ပြီး လုပ်ရတယ်ဆိုတဲ့ အခါကျတော့  အဲဒီ မီးကပြတ်တော့ အကုန်လုံး ပျော်ကျကုန်တာပေါ့နော်။ တော်တော် အခက်အခဲ ဖြစ်ပါတယ်။ စားသောက်ဖို့အတွက်ကို ဝမ်းရေးအတွက်ကို ရှာစားနေရတာ အရမ်းပင်ပန်းတယ်။ မီးကဆက်ပြတ်နေမယ် ဆိုရင်တော့ လက်ရှိလုပ်နေတဲ့ အလုပ်က  ရပ်ထားမှရမယ်။ ဘာလို့လဲဆိုတော့ မရပ်ဘူးဆိုရင် ရှုံးမှာလေ။ ဒီပစ္စည်းတွေက အကုန်လုံး ဆုံးရှုံးကုန်မယ်ဆိုရင်တော့ အလုပ်ကိုရပ်ထားမှရမယ့် အနေအထား ရှိတယ်” လို့ ပြောပါတယ်။

အလတ်စားစီးပွားရေးလုပ်ငန်းတွေကိုတော့ အကန့်အသတ်နဲ့ စက်သုံးဆီရောင်းချပေးနေတာမျိုး ရှိပေမဲ့ လုပ်ငန်းရဲ့ သယ်ယူပို့ဆောင်ရေးအသုံးပြုဖို့အတွက်ပဲ အဆင်ပြေပြီး မီးပြတ်တဲ့အခါ မီးစက် မောင်းဖို့အတွက်ထိ လုံလောက်မှုမရှိကြောင်းလည်း သိရပါတယ်၊

ဒါ့အပြင် ဆီဈေးတွေကလည်း မြင့်တက်လာကြောင့် တချို့ လုပ်ငန်းတွေဆို ယာယီရပ်နားထားဖို့ အထိ ပြင်ဆင်နေကြောင်း သိရပါတယ်။

စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူတယောက်က “နေ့ခင်း အလုပ်ချိန်မှာ လေးနာရီ ပြတ်တဲ့ အခါကျတော့ အရမ်းအမြန်လိုတယ်ဆိုရင်တော့ ထုံးစံအတိုင်း မီးစက်တို့ ဘာတို့ သုံးရတာတွေ ရှိတာပေါ့နော်။ တခါတလေကျရင် မီးကရပ်သွားတဲ့ အခါကျတော့ ကျမတို့ ထုတ်တဲ့ဟာတွေဆို Frozen (အေးခဲ)ထုတ်ရတာလေ။ အဲတော့ Temperature တွေ ကျပြီးတော့ ဒီ Return တွေ ဘာတွေ ဖြစ်တာမျိုးတွေ ရှိတာပေါ့နော်။ ဒီနေ့ အပြင် ခဏထွက်လိုက်တာနဲ့လေ စိတ်ထဲမှာ ကမ္ဘာပျက်နေသလားတောင် ထင်ရတယ်။ လူတွေ အကုန်လုံးရဲ့  စိတ်ဓာတ်ကျမှုတွေ အဲဒီလိုမျိုး ပုံစံမျိုးတွေပေါ့နော်။ အခု လုပ်ငန်းရှင် သူငယ်ချင်းတွေအကုန်လုံး ဆိုရင်လည်း တော်တော် စိတ်ညစ်နေကြတာ မဖြစ်မနေသာ ဆက်ပြီးတော့ Run နေပေမဲ့ တကယ့်ကို လှုပ်လှုပ်လှုပ်လှုပ်နဲ့ အရှုံးခံပြီး Run နေရတာလေ။ ဆီကတော့ တော်တော် ထိခိုက်တယ်။ ကျမဆို ဘယ်လောက် ထိတောင် စဉ်းစားလဲ ဆိုတော့လေ ဖြစ်နိုင်ရင် လေးလပိုင်း တလလုံးကို အလုပ်ပါ ပိတ်ထားလိုက်ချင်လောက်တဲ့ အထိကို စိတ်ထဲမှာ အဲလို ဖြစ်နေတာ”လို့ ပြောပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်မီးကလည်း အလုပ်ချိန်နေ့ပိုင်းမှာ ၉ နာရီဝန်းကျင်ပဲ ရရှိနေတာဖြစ်သလို စက်သုံးဆီကလည်း မတ် ၂၇ ရက်မှာ တလီတာကို ဓာတ်ဆီ 92 က ကျပ် ၄,၄၀၀ ကျော် 95 က  ကျပ် ၄,၉၀၀ ကျော်၊ ဒီဇယ်ဆီက ကျပ် ၅,၄၀၀ ကျော်နဲ့ ပရီမီယံဒီဇယ်က ၆,၀၀၀ ကျော်ထိ ဈေးတွေ မြင့်တက်နေတာဖြစ်ပါတယ်။

စက်သုံးဆီပြတ်လပ်တာရဲ့ နောက်ဆက်တွဲရိုတ်ခက်မှုတွေအနေနဲ့ သယ်ယူပို့ဆောင်ရေးနဲ့  ထောက်ပံ့ ပို့ဆောင်ရေး (Logistics)၊  စိုက်ပျိုးရေးကဏ္ဍ၊ အထည်အလိပ်နဲ့ ကုန်ထုတ်လုပ်ငန်းလို အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအပြင် လျှပ်စစ်မီးထုတ်လုပ်ရေးစတဲ့ ကဏ္ဍအသီးသီးမှာ သက်ရောက် လာနိုင်ကြောင်း ISP Myanmar ရဲ့ မတ် ၁၀ ရက်က ထုတ်ပြန်တဲ့ ရေနံအကျပ်အတည်းနှင့် မြန်မာ့စွမ်းအင်လုံခြုံရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်

ISP Myanmar မူဝါဒသုတေသီ ကိုရေချမ်းက “စက်သုံးဆီ ပြတ်လပ်တာက ကျနော့်အထင်တော့ ဒီ SME တွေကို အများကြီး ထိခိုက်လာနိုင်တယ်။ ဆိုးဝါးနေတဲ့ စီးပွားရေးကို ပိုပြီးတော့မှ ဆိုးဝါးလာနိုင်စေတဲ့ ရိုက်ခတ်မှုတခု၊ ထိုးနှက်ချက်တခုလို့ ကျနော်တို့ ပြောလို့ရမယ်ပေါ့လေ။ ဆိုတော့လက်ရှိ အကျပ်အတည်းကြားက တောင့်ခံပေးနေတဲ့ လုပ်ငန်းတွေ၊ ဒီ Sector တခုလုံးကို ပြိုပျက်သွားနိုင်တဲ့ အနေအထားအထိ ထိုးနှက်ချက်တခုအနေနဲ့ ပြောလို့ရမယ်ပေါ့လေ။ အထူးသဖြင့်တော့ အထိနာဆုံးကတော့ အခြေခံအလုပ်သမားတွေနဲ့ နေ့စဉ်ဝန်ထမ်းတွေ ဖြစ်မယ်ပေါ့လေ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ၇ ရက်မှာ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၂ သန်း ထုတ်ရောင်း ပေးခဲ့တာရှိပြီး ဒီအခြေအနေဟာ တခြားအရေးကြီးတင်သွင်းကုန်တွေ လျှော့ချဖို့ ဖြစ်လာနိုင်ကာ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေ ဆက်တိုက်ဖြစ်ပေါ် လာမှာဖြစ်ကြောင်း ISP မြန်မာ ထုတ်ပြန်ခဲ့ပါတယ်၊။

အခုအတိုင်း ရေနံပြတ်တောက်မှုအချိန်ကြာခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးမှာ ကွင်းဆက်အလိုက် ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပြီး လူထုရဲ့ မကျေနပ်ချက်တွေနဲ့ နိုင်ငံရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း သုံးသပ်ထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၅ ခုနှစ်နှောင်းပိုင်း အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ လျှပ်စစ်မီးမမှန်တာနဲ့ ပဋိပက္ခဒဏ်တွေကြောင့် ဆက်လက်ရုန်းကန်နေရမှာဖြစ်ပြီး ပြည်တွင်းက လုပ်ငန်းပေါင်း ၃၃ ရာခိုင်နှုန်းကျော်အတွက် အဓိကအတားအဆီးဟာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဝေဝေ

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013