DVB Logo
Home
မြန်မာသတင်း
၃ ရက်ဆက်တိုက် ဗုံးကြဲပြီးနောက် ရခိုင်- ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ရပ်တန့်နေ
DVB
·
July 4, 2026
Photo : MOI
Photo : MOI
Donate to DVB

စစ်အာဏာရှင်တပ်က ဘင်္ဂလားဒေ့ရှ်- ရခိုင် နယ်စပ်မြို့တွေဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တို့ကို ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်- ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းတွေ ရပ်တန့်နေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ ဘူးသီးတောင်မြို့နားက စကခ- ၁၅ ဌာနချုပ် ပတ်ဝန်းကျင်နဲ့ မောင်တောမြို့၊ နခခ-၅ ဌာနချုပ် ပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ဇူလိုင် ၂ ရက်နေ့မှာ မောင်တောမြို့ ကြိမ်ချောင်ကျေးရွာနားက နခခ-၇ ပတ်ဝန်းကျင်ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ဇူလိုင် ၃ ရက် မှာလည်း ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာ ပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နယ်စပ်ဒေသမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ကို ကုန်စည်တင်သွင်းတာ ယာယီ ရပ်တန့်ထားကြရတယ်လို့ မောင်တောဒေသခံ ကုန်သည်တယောက်က ပြောပါတယ်။

“လုံခြုံမှုမရှိတာကြောင့် ဘယ်သူမှ မသွားရဲကြတော့ဘူး။ အရင်ကတည်းက ပစ္စည်းကြိုမှာထားသူ အချို့လောက်ပဲ သွားလာနေတာရှိတယ်။ နယ်စပ်ဒေသကို ရက်ဆက် ဗုံးကြဲမှုတွေ ပြုလုပ်လာ တော့ ကုန်သွယ်ရေး အပေါ်မှာလည်း  အနည်းနဲ့အများ ထိခိုက်လာနိုင်ဖို့ရှိတယ်”

ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင် တပ်က ပြည်မဒေသကနေ ကုန်စည်းစီးဆင်းမှုကို ဖြတ်တောက်လိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က စားသောက်ကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ တင်းသွင်းနေကြရတာပါ။

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ရေကြောင်းကနေ တရားဝင် ကုန်သွယ်မှုတွေရှိနေကြသလို တောင်ပြိုလက်ဝဲမြို့ဘက်ကလည်း ကုန်လမ်းကြောင်း ကနေ တပိုင်တနိုင် နယ်စပ်ကုန်သွယ်ရေး ရှိနေတာပါ။

တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ခြံစည်းရိုးခတ်ဖို့ ပြင်ဆင်လာချိန် စစ်အာဏာရှင် တပ်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့နယ်တွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်သုံ့ပန်းတွေ၊ ကလေးသူငယ်တွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးနေကြပါတယ်။

ဇူလိုင် ၁ ရက်က ဘူးသီးတောင်မြို့နယ်၊ စကခ-၁၅ ဌာနချုပ် အနီးပတ်ဝန်းကျင်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါအဝင် ၃ ယောက် ဒဏ်ရာရခဲ့ပြီ၊ ဇူလိုင် ၂ ရက်က မောင်တော၊ ကြိမ်ချောင်းကျေးရွာ နခခ-၇ ကို ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်သုံ့ပန်း ဆေးတပ်ဗိုလ်ကြီး အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၃ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာတော့ အရပ်သား ၁ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်အာဏာရှင်တပ်က နယ်စပ်မြို့နယ်တွေကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်တာဟာ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါဝင်နိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ် တယောက်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်အစိုးရက နှစ်နိုင်ငံ ခြံစည်းရိုးခတ်မယ်လို့ ပြောပြီး ရက်ပိုင်းမှာပဲ စစ်တပ်က နယ်စပ် ဒေသကို နေ့တိုင်း ဗုံးကြဲတိုက်ခိုက်လာတာတွေ့ရတယ်။ နယ်စပ်ဒေသမှာ စစ်တပ်ရဲ့ မဟာမိတ် ဖြစ်တဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ အဓိကအခြေကုပ် လှုပ်ရှားနေတာကြောင့် ဘင်္ဂလားဒေ့ရှ် ဘက်က နယ်စပ်ခြံစည်းရိုးခတ်ပြီး လုံခြုံရေးတိုးမြှင့်လာမှာ စစ်တပ်က သဘောတွေ့ဟန် မတွေ့ရဘူး။ စစ်တပ်ဟာ နယ်စပ်ဒေသတွေကို ပြန်လည်ထိန်းချုပ်ချင်နေတဲ့ ဆန္ဒရှိနေသေးတာ ကြောင့် သူတို့ရဲ့ မဟာမိတ်တွေ အားနည်းသွားမှာစိုးရိမ်းပြီး နယ်စပ်ဒေသ တည်ငြိမ်မှုမရှိအောင် ပြုလုပ်လာတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်နေတာကြောင့် နယ်စပ်တလျှောက် တပ်လှန့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)က ပြောထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013