DVB Logo
Home
မြန်မာသတင်း
ထောက်လှမ်းရေးသိမ်းခဲ့သည့် သခင်မြနေအိမ် ဒေသခံများ ပြန်လည်ရယူလို
DVB
·
January 17, 2015
ထောက်လှမ်းရေးသိမ်းခဲ့သည့် သခင်မြနေအိမ် ဒေသခံများ ပြန်လည်ရယူလို
Donate to DVB

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ အိမ်နဲ့ခြံဝန်းကို အရင်စစ်ထောက်လှမ်းရေးက သိမ်းပြီးရောင်းစားတဲ့အတွက် ဒေသခံတွေက ပြန်လိုချင်နေကြပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ ဇာတိမြို့ ဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ထုံးဘိုမြို့က သူနေထိုင်ခဲ့ရာ အိမ်ဝိုင်းကို ထောက်လှမ်းရေး အမှတ် ၁၁ တပ်က သိမ်းယူပြီး ရောင်းစားခဲ့တဲ့အတွက် သခင်မြနဲ့ ပတ်သက်တဲ့ အမှတ်တရ နေရာ အဖြစ်ပြန်လိုချင်နေကြတာပါ။

mya1 copyသခင်မြရဲ့တူဖြစ်သူ ဦးဉာဏ်ရှိန်က    “ကျနော်တို့ပြန်ပြီး မှတ်မှတ်သားသားလေး ရှိစေချင်တယ်။ ဟိုမှာက ကျနော်တို့ ကမ်းကလည်း ပြိုတယ်။ ဒါကြောင့်သခင်မြရုပ်တုကိုလည်း သင့်လျော်ရာမှာ ရွေးပြီး လုပ်လိုက်ရတာ။ တကယ်တမ်းတော့ သူအရင်နေရာ သူ့အိမ်မှာ အမှတ်တရ ခြံလေး၊ အ၀န်းအ၀ိုင်းလေးနဲ့ ဒါသခင်မြနေခဲ့တဲ့ အိမ်ခြံမြေတွေဆိုပြီး အများပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကိုလည်း ပြနိုင်အောင် ကျနော်တို့က မြေကိုပြန်လိုချင်တယ်။ သတ်သတ်မှတ်မှတ်ကလေးနဲ့ ဒီနေရာ သခင်မြအိမ်ပါလို့ ဖြစ်နိုင်အောင် လူကြီးတွေ လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

သခင်မြကို ပြည်ခရိုင် ထုံးဘိုမြို့ ဆုံတန်းရပ်ကွက် ကမ်းနားလမ်းနေအိမ်မှာ မွေးဖွားခဲ့ပြီး နှမတယောက် ရှိပါတယ်။ အဲဒီနှမကလည်း သီလရှင်ဘ၀နဲ့ နေထိုင် ဆုံးပါးခဲ့တဲ့အတွက် အနီးစပ်ဆုံး အမွေဆက်ခံသူ တူဖြစ်သူ ဦးဉာဏ်ရှိန်သာ ကျန်ရှိခဲ့ပါတယ်။

အခုနေရာကို စစ်ထောက်လှမ်းရေး ၁၁ က သိမ်းယူပြီး လေလံပစ်သွားတဲ့အတွက် သခင်မြအမှတ်တရ ရုပ်တု စိုက်ထူပြီး အများသူငါ လေ့လာစရာအဖြစ် ပြန်လည်ရရှိလိုကြတာပါ။

ထုံးဘိုမြို့အထောက်ကူပြုအဖွဲ့ အတွင်းရေးမှူး ဦးသန်းလွင်က “အရင်ကတော့ ကျနော်တို့ရဲ့ အထက် ရပ်မိရပ်ဖတွေကတော့ ဒီနေရာက သခင်မြရဲ့ မွေးရပ်မြေ၊ နေထိုင်ခဲ့တဲ့ အိမ်ရာလေး ဆိုတာကိုလည်း ပြောတယ်။ အခုတော့ ပြန်ပြီးတော့ ဒီနေရာကို ဖော်ထုတ်မပေးနိုင်ဘူးလားဆိုတဲ့ အနေအထားလေးတွေ ရှိတယ်။ ရပ်မိရပ်ဖတွေက ပြောပေမယ့် နိုင်ငံတော်အနေအထားနဲ့ လုပ်ထားတဲ့အပေါ်ဆိုတော့  ကျနော်တို့အနေအထားက ဘာမှ ပြောခွင့် မရှိဘူး” လို့ ပြောပါတယ်။

အရင်ခေတ်စစ်ထောက်လှမ်းရေးက  လေလံတင်ရောင်းချသွားပြီး နာမည်ပြောင်းယူသွားတဲ့ အတွက် ပြန်လည်ရယူဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ဒေသခံတွေကတော့ သမိုင်းဝင်နေရာ တခုအဖြစ် ထိန်းသိမ်းထားချင်တဲ့အတွက် နိုင်ငံတော် တာဝန်ရှိသူတွေ ပြန်လည် စီမံပေးစေချင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013