
၂၀၂၅ ခုနှစ် အစောပိုင်းကစပြီး ဂါဇာကလွဲလို့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ ကလေး အယောက် ၇၀ လောက် သေဆုံးခဲ့ပြီး အယောက် ၈၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများအေဂျင်စီ ယူနီဆက်ဖ်က မေ ၁၂ ရက်မှာ ပြောပါတယ်။
အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့မှာ သေဆုံးဒဏ်ရာရသူ အများစုက ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ခံရတာ ဖြစ်ပေမဲ့ တချို့က ဓားထိုးခံရတာ၊ ရိုက်နှက်ခံရတာနဲ့ ငရုတ်ကောင်းဖျန်းရည်နဲ့ ဖျန်းခံရတာတွေကြောင့် သေဆုံးခဲ့တာလို့ အေဂျင်စီက ပြောပါတယ်။
ယူနီဆက်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ် အယ်လ်ဒါက “ဒါတွေဟာ သီးခြားဖြစ်ရပ်တွေ မဟုတ်ပါဘူး။ ကလေးတွေအပေါ် အဆိုးရွားဆုံး ချိုးဖောက်မှုပုံစံကို ညွှန်ပြနေပါတယ်” လို့ ဂျီနီဗာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က အနောက်ဘက်ကမ်းဆီ သွားလည်အပြီးမှာ ခုလိုပြောလိုက်တာပါ။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ ကလေး ၉၃ ရာခိုင်နှုန်းဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့လည်း သူက ပြောပါတယ်။
တခြားသူတွေက အခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ဆန်တွေနဲ့ ပါလက်စတိုင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု မတော်တဆ ထိမှန်သေဆုံးခဲ့ရတာလို့ သူက ပြောပါတယ်။
ယူနီဆက်ဖ်ရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အစ္စရေးစစ်တပ်က ချက်ချင်းမတုံ့ပြန်ပါဘူး။
လူ့အခွင့်အရေးအဖွဲ့တွေက မကြာသေးမီလတွေအတွင်း အစ္စရေး အခြေချနေထိုင်သူတွေနဲ့ စစ်သားတွေက ပါလက်စတိုင်းလူမျိုးတွေအပေါ် အကြမ်းဖက်တာတွေ မြင့်တက်လာတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံအများစုက ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း သိမ်းပိုက်ခံခဲ့ရတဲ့ အနောက်ဘက်ကမ်းက အစ္စရေးရဲ့ အခြေချနေထိုင်မှုတွေကို တရားမဝင်ဘူးလို့ ယူဆကြပြီး အစ္စရေးက အဲဒီအမြင်ကို ငြင်းပယ်ထားပါတယ်။
Source: Reuters










