DVB Logo
Home
မြန်မာသတင်း
ဘတ်ဂျက်ရေးဆွဲရာတွင် အကျပ်အတည်းဖြင့် ရင်ဆိုင်ခဲ့ရဟု သမ္မတပြောကြား
DVB
·
January 16, 2015
ဘတ်ဂျက်ရေးဆွဲရာတွင် အကျပ်အတည်းဖြင့် ရင်ဆိုင်ခဲ့ရဟု သမ္မတပြောကြား
Donate to DVB

တိုင်းပြည်ရဲ့ဘတ်ဂျက်လိုငွေ ခုဘဏ္ဍာနှစ်မှာ ကျပ်ငွေ ၂၅၅၁ ဒသမ ၈၁၁ ဘီလီယံထိရှိနေပြီး ဘတ်ဂျက်ရေးဆွဲရာမှာ အောင်မြင်မှုတွေရှိသလို အခက်အခဲ အကျပ်အတည်းတွေနဲ့လည်း တွေ့ကြုံရင်ဆိုင်ခဲ့ရတယ်လို့ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

U Thein Seinနေပြည်တော်မှာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

သမ္မတက အခုနှစ်မှာ ၀န်ထမ်းလစာတိုးမြှင့်ရေးကိစ္စ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ချီးမြှင့်ငွေနဲ့ စရိတ်တိုးပေးရေးကိစ္စ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်တွေရှိနေပြီး တဖက်မှာ ကမ္ဘာ့ ရေနံဈေး ကျဆင်းမှုကြောင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရောင်းချရမှု ၀င်ငွေထိခိုက်လာတာ၊ ဆက်သွယ်ရေးကုမ္ပဏီတွေက လုပ်ငန်းလိုင်စင်ကြေးရငွေ လျော့နည်းသွားတာ၊  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စရိတ်မြင့်တက်လာတာ၊  ပြည်ပကုန်သွယ်ရေး လိုငွေပြနေတာတွေ စတာတွေကြောင့် ရငွေဟာ မျှော်မှန်းသလောက် တိုးတက်မလာဘူးလို့ ပြောကြားသွားပါတယ်။

လက်ရှိ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ သုံးစွဲငွေက ခန့်မှန်းချေ ၁၉၄၄၃ ဒသမ ၃၁၆ ဘီလီယံရှိပြီး ရငွေက ၁၆၈၉၁ ဒသမ ၅၀၅ ဘီလီယံ ရှိနေတဲ့အတွက် ဘတ်ဂျတ် လိုငွေ  ခန့်မှန်းချေ ကျပ် ၂၅၅၁ ဒသမ ၈၁၁ ဘီလီယံထိ ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတော်အခွန်အကောက်ရငွေကတော့ ခုဘဏ္ဍာနှစ်မှာ ကျပ် ၆၀၀၇ ဒသမ ၀၀၉ ဘီလီယံ ရတယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် တိုင်းပြည်ရဲ့ ဘတ်ဂျက်လိုငွေ နှစ်အလိုက်ဖြစ်ပေါ်ခဲ့ရာမှာ  ၂၀၁၁- ၁၂ ဘဏ္ဍာနှစ်မှာ ၁၆၂၉ ဒသမ ၆၄၆ ဘီလီယံ၊ ၂၀၁၂-၁၃ ခုနှစ်မှာ ၁၂၅၀ ဒသမ ၇၅၅။ ၂၀၁၃-၁၄ ခုနှစ်မှာ ၇၅၅ ဒသမ ၂၁၄ ဘီလီယံ ရှိခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ်ဟာ ဘတ်ဂျက်လိုငွေ အများဆုံးနှစ်ဖြစ်ပါတယ်။

ခုဘဏ္ဍာနှစ်မှာ  ပြည်နယ်နဲ့တိုင်းတွေရဲ့လိုငွေ ကျပ် ၁၅၂၄ ဒသမ ၃၉၁ ဘီလီယံ တိုးမြှင့် ဖြည့်ဆည်းပေးခဲ့ပြီး ပညာရေး အသုံးစရိတ် ၁၁၅၈ ဒသမ ၄၃၇ ဘီလီယံ၊ ကျန်းမာရေးအသုံးစရိတ် ၇၀၈ ဒသမ ၉၄၉ ဘီလီယံ တိုးမြှင့်သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးမှာ ရန်ကုန်ဆေးရုံကြီးအပါအ၀င် ဆေးရုံကြီးတွေ အဆင့်မြင့်တင်ပေးပြီး ပြည်သူ့ကျန်းမာရေး ဆေးဝါးကုသရေးအသုံးစရိတ်တွေ တိုးပေးခဲ့တဲ့အကြောင်း ပညာရေးမှာ အလယ်တန်းအခမဲ့ပညာရေး စနစ်ဖော်ဆောင်ပေးခဲ့ပြီး ပညာသင်ဆုတွေ ထောက်ပံ့ကြေးတွေ တိုးမြှင့်သုံးစွဲခဲ့တယ်လို့ နိုင်ငံတော်အကြီးအကဲက ပြောပါတယ်။

အစိုးရအနေနဲ့ လာမယ့်ဘဏ္ဍာနှစ်ကျရင် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိအောင် ဆောင်ရွက်ပေးမယ့်အပြင် အခြေခံပညာ အထက်တန်းကို အခမဲ့ပညာရေးဖော်ဆောင်ပေးမှာ ဖြစ်ပြီး နိုင်ငံတ၀န်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့လည်း သမ္မတက ကတိပေးပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013