DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် တရုတ်ကို လာမည့်မတ်လ တရားဝင် တင်ပို့မည်
DVB
·
January 16, 2015
မြန်မာ့ဆန် တရုတ်ကို လာမည့်မတ်လ တရားဝင် တင်ပို့မည်
1 / 2
Donate to DVB

မြန်မာ့ဆန် တရုတ်နိုင်ကို လာမယ့် မတ်လကစ တရားဝင်တင်ပို့မှာဖြစ်ပြီး စတင်တင်ပို့မယ့် ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

rice (DVB)ဒီအစီအစဉ် စတင်လိုက်တာကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှုရဲ့ သုံးပုံနှစ်ပုံကို တရုတ်နိုင်ငံကို တရားမ၀င်လမ်းကြောင်းကနေ သွားနေရာက တရားဝင်လမ်းကြောင်းကို ပြောင်းလဲကျင့်သုံးလိုက်နိုင်မှာဖြစ်ပါတယ်။

မြန်မာ့ဆန်ကို တရုတ်နိုင်ငံက အစိုးရချင်း တရားဝင်ဝယ်ယူဖို့ အစိုးရနဲ့ဆန်စပါးအသင်းချုပ် အပါအ၀င် နှစ်ဘက်တာဝန်ရှိသူတွေ လပေါင်းများစွာ ကြိုးပမ်းမှုရဲ့ အသီးအပွင့်ဖြစ်ပါတယ်။

တရုတ်ဘက်က တောင်းဆိုချက်အရ ကနဦး ဆန်တင်ပို့မယ့် ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်မှာ ဖြစ်ကြောင်းနဲ့ ကုမ္ပဏီရွေးချယ်ရေးမူဘောင်တွေကို ဇန်န၀ါရီ ၁၇ ရက်နေ့ ချပြမှာဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောပါတယ်။

“ဇန်ဝါရီ ၁၇ ရက် အသင်းချုပ်စည်းဝေးပွဲမှာ လိုအပ်တဲ့ အရည်အသွေး အချက်အလက်တွေပြုစုပြီး အားလုံးချပြသွားမယ်၊ ကုမ္ပဏီ ၁၀ ခုကို အမြန်ဆုံး ရွေးချယ်သွားမယ်။”

ကုမ္ပဏီအရေအတွက် ကန့်သတ်မှုအပေါ်  ဦးချစ်ခိုင်က “ကျနော်တို့ကတော့ ဖွင့်ပေးစေချင်တာပေါ့နော်။ ဒါပေမယ့် ပထမဆုံးအကြိမ်ဖြစ်တဲ့အခါကျတော့ တရုတ်ဘက်က ကသိကအောက်ဖြစ်မှာစိုးလို့ အရည်အသွေးကို မထိန်းသိမ်းနိုင်ဘဲနဲ့ ပျက်စီးသွားမှာစိုးလို့။ စတည်ဆောက်တဲ့အချိန်မှာ ပျက်သွားရင် နောင်ရေရှည်အတွက် မကောင်းဘူးဆိုပြီး အရည်အသွေးမီ ပေးနိုင်မယ့် ကုမ္ပဏီအဖွဲ့အစည်း ၁၀ ခုလောက်ကို စပြီးလုပ်ကြည့်သင့်ပါတယ်ဆိုပြီး မေတ္တာရပ်ခံပါတယ်။ အဓိကကတော့ အရည်အသွေးမီတဲ့ဆန်မျိုးကို ကြိတ်နိုင်တဲ့ ဆန်စက် ဖြစ်ဖို့လိုတယ်။ နောက်တခုက သူတို့လိုလားတဲ့ စပါးမျိုး ၀ယ်ယူစုဆောင်းနိုင်တဲ့ အနေအထားရှိရမှာပေါ့” လို့ ပြောပါတယ်။

တရုတ်ကို တရားဝင်ဆန်တင်ပို့နိုင်ဖို့အတွက် ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေဟာ အခုလထဲမှာပဲ တရုတ်ကို ၄ရက်ကြာသွားရောက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ကို တရားဝင်ဆန်တင်ပို့နိုင်ဖို့ မြန်မာဘက်က ကုမ္ပဏီရွေးချယ်တာအပါအ၀င် လယ်ဆည်ဝန်ကြီးဌာနကပေးပို့ဖို့ရှိတဲ့ လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းတွေ အမြန်ဆုံး ပေးပို့ဖို့၊ တရုတ်ဆန်အရည်အသွေးစစ်ဆေးရေးအဖွဲ့ရုံး ရန်ကုန်မှာ အမြန်ဆုံးဖွင့်နိုင်ဖို့ စတဲ့ကိစ္စရပ်တွေလည်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

မြန်မာ့ဆန်တန်ချိန် ၂ သန်းလောက် တရုတ်ကို တရားဝင်တင်ပို့နိုင်ဖို့ ရည်မှန်းထားပေမယ့် စပါးရာသီကြောင့် ဒီနှစ်တော့ တန်ချိန် ၁ သန်းလောက်ပဲ တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ဦးချစ်ခိုင်က ပြောပါတယ်။

တရုတ်ကိုတင်ပို့မယ့် မြန်မာ့ဆန်ဟာ ထိုင်း၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေကဆန်နဲ့ ယှဉ်နိုင်ဖို့လိုတယ်လို့ တရုတ်ဘက်က အဆိုပြုထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကတော့ ယှဉ်နိုင်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013