
နယ်သာလန်နိုင်ငံရှိ ပြတိုက်တခုကနေ ခိုးယူခံခဲ့ရတဲ့ နှစ်ပေါင်း ၂,၅၀၀ သက်တမ်းရှိ ရွှေဦးထုပ် အပါအဝင် ရိုမေးနီးယား ရှေးဟောင်းရတနာ ၂ ခုကို ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ သူခိုးတွေဆီမှ သတင်းအချက်အလက်တွေကြောင့် ပြန်လည်တွေ့ရှိနိုင်ခဲ့ပြီလို့ နယ်သာလန်အစိုးရရှေ့နေတွေက ဧပြီ ၂ ရက်မှာ ပြောပါတယ်။
ဒီရတနာတွေဟာ မူလက ဘူခါရက်စ်မြို့မှာရှိတဲ့ ရိုမေးနီးယား အမျိုးသားသမိုင်းပြတိုက်က ပိုင်ဆိုင် တာဖြစ်ပြီး အခုတော့ ဒီပစ္စည်းတွေကို နယ်သာလန်မြောက်ပိုင်း အက်ဆန်မြို့ရှိ ဒရန့်ထ်စ် ပြတိုက် မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြန်လည်ပြသပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဂျေတို-ဒါချီယန် လူမျိုးစုအသိုက်အဝန်းတွေဆီကနေ ရှေးဟောင်း ပစ္စည်းတွေကို ငှားရမ်းပြီး ဒရန့်ထ်စ်ပြတိုက်မှာ ပြသခဲ့ချိန်မှာ ဒီပစ္စည်းတွေကို ညတွင်းချင်း ခိုးယူခံခဲ့ရတာပါ။
အခုပြန်လည်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေထဲမှာ ကိုတိုဖှန်နက်ရှ်တီ ရွှေဦးထုပ်ဟာ ရိုမေးနီးယားရဲ့ အရေးကြီးဆုံး အမွေအနှစ်တခုဖြစ်ပါတယ်။
ပြန်တွေ့တဲ့ ရွှေလက်ကောက် ၂ ခုကတော့ ခရစ်တော်မတိုင်မီ ၅၀ နှစ်လောက်က ရှေးဟောင်း ပစ္စည်းဖြစ်ပြီး နောက်ထပ် လက်ကောက် တခု ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဦးဆောင်ရှေ့နေ ကိုရီယန်ဖာနာက သတင်းထောက်တွေကို ပြောပါတယ်။
ဒီသူခိုးတွေကို ဖမ်းမိထားတာ လအတော်ကြာပြီဖြစ်ပေမဲ့ အခုမှ သူတို့နဲ့ "အမှုရင်ဆိုင်ရာမှာ အပေးအယူ လုပ်တဲ့ သဘောတူညီချက်” တခုခုရခဲ့လို့ သူတို့ပေးတဲ့ သတင်းအချက်အလက်အရ ပစ္စည်းတွေကို ပြန်လိုက်နိုင်ခဲ့တာပါ။
ရှေ့နေ ကိုရီယန်ဖာနာကတော့ အသေးစိတ်ကို ထုတ်မပြောထားပါဘူး။ ဒီခိုးမှုနဲ့ပတ်သက်ပြီး သံသယရှိသူ အမျိုးသား ၃ ယောက်ကို ရှေးဟောင်းပစ္စည်းတွေကို ခိုးယူမှု၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဖောက်ခွဲမှုတွေနဲ့ နယ်သာလန်မှာ ဖမ်းဆီးထားပါတယ်။
Source: Reuters











