DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့ လုံးခင်းရဲစခန်း ဗုံးကွဲ၊ ဒုက္ခသည်များ ပိတ်မိ
DVB
·
January 16, 2015
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရွာလယ်ခါင်က အစိုးရရဲစခန်းဝင်း မနေ့ ညဦးပိုင်းက ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့မိသားစုဝင် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

အမည်မသိ ဆိုင်ကယ်သမားက လမ်းပေါ်ကနေ ဗုံးနဲ့ ပစ်ပေါက်သွားတဲ့အတွက် ၀င်းအတွင်း ထိုင်စကားပြောနေတဲ့ ရဲမိသားစုဝင်တွေ ထိမှန်သွားတယ်လို့ စခန်းမှူး ရဲအုပ်တင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။

pharkant copy“မနေ့ညနေ ၆ နာရီခွဲက  ဗုံးက ရဲစခန်းရှေ့ကို ကျလာတာ။ ရဲမိသားစုဝင် ၄ ဦး ထိခိုက်သွား တယ်ခင်ဗျ။  အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးပါ။ ယမ်းစတွေက  နားထင်၊ ၀မ်းဗိုက် နဲ့ ဆီးခုံ တွေကို ထိသွားတယ်။ အမျိုးသမီး ၁ ဦးက ဒဏ်ရာနည်းနည်းပြင်းလို့ ဖားကန့်ဆေးရုံပို့ ထားရပါတယ်။”

ဗုံးအမျိုးအစားကို မသိသလို ဖြစ်ပွားချိန်မှာ လမ်းပေါ်မှာ ဆိုင်ကယ်အသွားအလာတွေလည်း များတဲ့အတွက် ကျူးလွန်သူကို မသိလိုက်ဘူးလို့ ဆိုပါတယ်။ တရားခံ ဖမ်းမိဖို့ စုံစမ်းဆဲ ဖြစ်ပြီး  လုံခြုံရေး တိုးမြှင့်ထားတယ်လို့  စခန်းမှူးက ပြောပါတယ်။

အပစ်ခံရတဲ့ ရဲစခန်းဟာ အရာရှိ ၃ ဦးနဲ့ ရဲအင်အား ၂၀ လောက်သာရှိတဲ့ ကျေးရွာအဆင့် ရဲစခန်းငယ်တခု ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ကျူးလွန်သူက သူဘာကြောင့် ဒီလိုပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ ထုတ်ပြန် ခြင်းမရှိပါဘူး။

ဒါပေမယ့် ဒီအခင်းဖြစ်ပွားချိန်နဲ့ နေရာကတော့ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့နေရာဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ မနက်ကစပြီး အဲဒီ လုံးခင်းကျေးရွာအုပ်စု အရှေ့တောင်ဘက် ၁၀ မိုင်လောက်အကွာ ဥရုချောင်း ဖျားဒေသဘက်မှာ  ပစ်ခတ်မှုတွေဟာ ဒီကနေ့မနက်ထိ  သေနတ်သံတွေ  ကြားနေရ တယ်လို့ လုံးခင်းမြို့နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးတင်စိုးက ပြောပါတယ်။

ဖားကန့်အခြေစိုက် အစိုးရတပ်နဲ့ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံတပ်ကြား ပစ်ခတ်မှု တွေကြောင့် လုံးခင်းကျေးရွာအုပ်စုအပိုင် အောင်ဘာလေ၊ ကံဆီး၊  ဘော်ဆာဒီးနဲ့ တဂေါင်းရွာက ဒေသခံရွာသားနဲ့ ကျောက်တူးသမားတွေဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားရှိခိုး ကျောင်း ၂ ကျောင်းမှာ သွားရောက်ခိုလှုံနေကြတယ်လို့   ဆိုပါ တယ်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ဦးစာဂျီကလည်း အဲဒီဘက်က တန်ဂွန်းရွာတခုတည်း တင် ကျောင်းသူကျောင်းသား ၂၀၀ ကျော်၊ ဆရာဆရာမ ၂၀ ကျော်နဲ့ ရွာသား ၇၀၀ ကျော် ပိတ်မိနေပြီး  ထောက်ပံ့ကူညီရေးအဖွဲ့တွေလည်း သွားရခက်နေတယ်လို့ ပြောပါတယ်။

“မနေ့က ကျနော်တို့ ဖားကန့်မှာရှိတဲ့ လူမှုကူညီရေးအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေက လိုအပ်တဲ့ အကူအညီပေးဖို့ အဲဒီကိုသွားဖို့ ပြင်နေတာ လမ်းတွေပိတ်ထားတယ်ဗျ။ အစိုးရတပ်က သွားလာခွင့်မပြုဘူး။ ဆိုင်းတောင်ဘက်က နေပြီးတော့လည်း ဖားကန့်ကို လာလို့မရဘူး။ လုံးခင်း ဘက်လည်း သွားလို့မရဘူး။ အဲဒီတော့ အဲဒီရွာတွေက ချောင်ပိတ်မိသလိုဖြစ်နေတာ။”

လောလောဆယ် သူတို့စားသောက်ရေးအတွက် ဘုရားရှိခိုးကျောင်းနဲ့  တောရကျောင်းက ရိက္ခာတွေ မျှဝေစားသုံးနေကြတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013