
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဩဂုတ် ၇ ရက် ညကစပြီး ဒီနေ့ ဩဂုတ် ၉ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် မြို့နယ်အနောက်ခြမ်းက မူးတိမ်ချောင်းရေလျှံပြီး စပါးပျိုးခင်း၊ စိုက်ခင်းနဲ့ သီးနှံယာခင်းတွေထဲ ရေဝင်ရောက်နေပါတယ်။
မူးမြစ်နဲ့ DY-1 မူးဘောင်အတွင်း ရေဝင်နေတဲ့ ကျေးရွာတွေမှာလည်း မနေ့က ရေမျက်နှာပြင် ၂ လက်မခန့် လျော့ကျခဲ့ပေမဲ့ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေတာကြောင့် ရေပြန်တက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ခင်ဦးမြို့နယ် အနောက်တောင်နဲ့ အနောက်မြောက်ခြမ်းမှာ ကျေးရွာ ၁၉ ရွာ ရေဝင်ရောက်နေပြီး ဒေသခံထောင်ချီဟာ ဘေးလွတ်ရာကို သုံးရက်မြောက်အဖြစ် တိမ်းရှောင်နေရပါတယ်။
ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေသလို သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် နေစရာအခက်အခဲနဲ့ ဖျားနာမှုတွေ ဖြစ်ပေါ်နေပြီး အစားအစာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရေဝင်ရောက်နေတဲ့ ကျေးရွာတွေကတော့ တာတိုင်၊ ဇီးတော၊ လက်ပံကွက်၊ သက်ပေး၊ မူးသာ၊ ရွာသစ်၊ သက်သာပန်းတောင်း (ကားဆိပ်)၊ အင်တိုင်းတောင်နဲ့ မြောက်၊ သရက်ပင်စု၊ ရွာသစ်ကုန်း၊ အင်းပတ်၊ အောင်ချမ်းသာ၊ မကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ ကျွန်းတောလေး (ဥယျာဉ်)၊ ကျွန်းတောကြီး၊ သာဝတ္ထိနဲ့ မုံလှကျေးရွာတို့ ဖြစ်ပါတယ်။










