
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်အာဏာရှင်တပ်က ၂ ရက်အတွင်း အလုပ်သွားအလုပ်ပြန်တွေနဲ့ ခရီးသွားလူငယ်တွေအပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အမှတ် ၈ လေ့ကျင့်ရေး တပ်ကို ပို့ဆောင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေဘိုမြို့မှာ စစ်တပ်၊ ရဲ၊ ပျူ လှည့်ကင်းက မြို့နေရပ်ကွက်တွေက အလုပ်သွား အလုပ်ပြန် လူငယ်တွေ၊ တခြားမြို့နယ်ကျေးရွာတွေက ခရီးသွားလူငယ်တွေကိုပါ ကားကြီးဝင်းရှေ့၊ စက်မှုဇုန်လမ်း၊ ရန်ကြီးအောင်ခန်းမရှေ့ သံလမ်းထိပ်၊ သက္ကယ်တန်းချောင်းတံတား၊ ရွှေဘို-ရေဦး လမ်းကန်တော်ဂိတ်၊ ရွှေဘို-မန္တလေးလမ်း မြို့အဝင်ဂိတ်လမ်းတို့ကနေ စောင့်ကြို ဖမ်းဆီးပြီး အမှတ် ၈ လေ့ကျင့်ရေးတပ်ကို ပို့ဆောင်တယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “စက်မှုဇုန်က သက္ကယ်တန်း တံတားကျော်မှရောက်တာ။ သူတို့က အဲ့ဒီ တံတား ပေါ်က စောင့်ဖမ်းတာ။ ဘယ်လိုမှ ရှောင်မရတဲ့နေရာဆိုတော့ မနက်ခင်း အလုပ်သွားတဲ့သူတွေ ပါသွားတယ်။စက်မှုဇုန်နဲ့ မြို့အရှေ့မြောက်ပိုင်းက တပ်နယ်မြေလည်ဖြစ်တယ်၊ ရဲစခန်းနဲ့ အစိုးရ လုပ်ငန်းရုံးတွေကလည် အဲ့ဒီဘက်မှာရှိဆိုတော့ အဲ့ဒီဘက်ရပ်ကွက်တွေက လူငယ်တွေ အများဆုံး အဆွဲခံရတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့ စစ်တပ်လှည့်ကင်းတွေက စက်မှုဇုန်ရပ်ကွက်နဲ့ သက္ကယ်တန်းချောင်းတံတားပေါ်မှ အလုပ်သွားတဲ့ ခရီးသွားလူငယ် ၂၀ ကျော်၊ သရက်ခြံ၊ စိန်ဘုရား၊ နွားလေးကုန်း၊ ထူထောင်ရေး ရပ်ကွက်၊ ဘူတာရပ်ကွက်တို့မှ ၂၀ ကျော်၊ မြို့အဝင် ရေဦးလမ်းကန်တော်ဂိတ်နဲ့ မန္တလေးလမ်း တောင်မုဒ်ဂိတ်တို့မှ ၁၀ ယောက်ကျော်နဲ့ မင်းကုန်းကျေးရွာမှ ၅ ယောက်အပါအဝင် စုစုပေါင်း ၂ ရက် အတွင်း လူ ၅၀ ကျော် ဖမ်းဆီးတာလို့ မြို့ခံတွေက ပြောပါတယ်။
ခရီးသည်တယောက်က “အရင်ကတော့ မြို့အနောက်ပေါက်က ဝင်တဲ့သူတွေ အဆွဲခံရတာ များတယ်။ အခု အနောက်ပေါက်က ပိတ်ထားတော့ တောင်ပေါက်နဲ့ မြောက်ပေါက် အဝင်ဂိတ်တွေ က ဖမ်းတာ၊ လူငယ်လူလတ်ပိုင်းတွေဆို ဆိုင်ကယ်နဲ့လာရင် ဆင်းတွန်းရတယ်၊ ကားနဲ့ဆိုရင် လမ်းလျှောက်ခိုင်းတယ်။ မှတ်ပုံတင်နံပတ်ကို သူတို့ ဖုန်းထဲရိုက်ထည့် စစ်တာ၊ ပြီးမှ ဖုန်းကိုစစ်တာ။ အဲ့ဒီနှစ်ခုမှာ ဘာမှမတွေ့မှ ခရီးဆောင်အိတ်နဲ့ တခြားဟာတွေစစ်တာ။ ဘာမှမတွေ့လည်း အပြစ်မရှိ အပြစ်ရှာစစ်တာဆိုတော့ မြို့အဝင်ဂိတ်တွေမှာ နေ့စဥ်လိုလို လူငယ်တွေ အဖမ်းခံနေရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ရွှေဘိုမြို့အဝင်အပေါက်ကို ပိတ်ထားတာ တလကျော်ပြီဖြစ်ပြီး မြို့အတွင်း ရပ်ကွက်တွေနဲ့ တခြားမြို့အဝင်ဂိတ်တို့မှာ နေစဥ်နီးပါး ပေါ်တာဆွဲဖမ်းဆီးမှုကြောင့် မြို့အတွင်းနေ လူငယ်တွေဟာ ညပိုင်းမှာ ပုန်းရှောင်နေထိုင်ကြရပြီး နီးစပ်ရာမြို့နယ် ကျေးရွာတွေမှာ ပြောင်းရွှေ့ နေ မှုတွေ များနေတာကြောင့် မြို့တွင်းလုပ်ငန်ရှင်တွေနဲ့ အလုပ်ရုံ၊ စက်ရုံနဲ့ စျေးဆိုင်တွေမှာ လုပ်သား ရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ေ










