
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို အထီးကျန်ဖြစ်သွားစေမဲ့ အားထုတ်မှုတရပ်ကို ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က ဇူလိုင် ၁၃ ရက်မှာ စတင်လိုက်ပါတယ်။
ICC ဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက စွပ်စွဲလိုက်ပါတယ်။ ဒါကြောင့် ICC အဖွဲ့အစည်း တခုလုံးကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်သွားဖို့ အမေရိကန်က စဉ်းစားနေတာပါ။
ပြည်ဝင်ခွင့်ဗီဇာ ပယ်ဖျက်တာနဲ့ ခရီးသွားလာခွင့် ကန့်သတ်တာတွေလည်း ဒီအရေးယူမဲ့ အစီအစဉ်မှာ ပါဝင်ပါတယ်။
ဒါ့အပြင် ICC ကို သံတမန်ရေးအရ အဆက်အသွယ်ဖြတ်ဖို့ တခြားနိုင်ငံတွေကိုလည်း ရူဘီယိုနဲ့ အစိုးရတာဝန်ရှိသူတွေက ဖိအားပေးနေပါတယ်။
အမေရိကန်ရဲ့ အကူအညီကို ရယူနေတဲ့ နိုင်ငံတွေအနေနဲ့ ဒီတောင်းဆိုချက်ကို ငြင်းဆန်ရင် ပိုမိုစစ်ဆေးခံရနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတယောက်က သတိပေးပါတယ်။
အမေရိကန်ဟာ စစ်ရာဇဝတ်မှုတွေကို စစ်ဆေးအရေးယူတဲ့ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်စစ်သားတွေနဲ့ အစိုးရအရာရှိတွေကို ICC က အရေးယူလာမှာကို ထရမ့်ပ် အစိုးရက စိုးရိမ်နေတာပါ။
မဟာမိတ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ICC က ဖမ်းဝရမ်းထုတ်ပြီးနောက် ထရမ့်ပ်က ဒီတရားရုံးအပေါ် ပိုပြီးဆန့်ကျင်လာတာ ဖြစ်ပါတယ်။










