
Chinland FC ဘောလုံးကလပ်အသင်းက ကစားသမားတယောက်ဖြစ်တဲ့ Pa Lung ဟာ ရန်ကုန်မြို့မှာ ပျောက်ဆုံးနေတာ ၅ ရက်ကြာရှိပြီ ဖြစ်တယ်လို့ အသင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်က သူငယ်ချင်းတွေနဲ့ ဖူဆယ်ပွဲသွားကြည့်ပြီး အိမ်ကိုပြန်လာစဥ် လမ်းမှာ ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Chinland FC ဘောလုံးအသင်း တာဝန်ရှိသူတယောက်က “သူငယ်ချင်းတွေနဲ့ အင်းစိန်မှာ ဖူဆယ်ပွဲသွားကြည့်တယ်။ အဲဒီကနေမှ လိုင်းကားနဲ့ ပြန်လာတယ်။ မြောက်ဒဂုံ ၇/၈ လမ်းဆုံမှာ ၈ နာရီကျော်ကျော်လောက်က ပျောက်သွားတယ်။ အခုချိန်ထိ အဆက်အသွယ်မရဘူး။ အဖွဲ့အစည်း တွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။ ဒါပေမဲ့ အဆက်အသွယ် မရသေးပါဘူး” လို့ ပြောပါတယ်။
သူဟာ Chinland FC ဘောလုံးအသင်းက ကစားသမားတယောက်ဖြစ်ပြီး Myanmar League မှာ ပါဝင်ကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် Pa Lung (ကျောနံပါတ် ၅) ဖြစ်ပါတယ်။
Pa Lung ပျောက်ဆုံးနေတာကို အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါလို့ Chinland FC အသင်းက မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေထံ အကြောင်းကြားတာ၊ လူပျောက်အမှု ဖွင့်လှစ်ထားတဲ့ အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ Myanmar National League (MNL) တာဝန်ရှိသူ တွေနဲ့ ပူးပေါင်းကာ လိုအပ်တဲ့ ဆောင်ရွက်မှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Chinland FC အသင်းက Pa Lung ကို ဘယ်နေရာမှာမဆို တွေ့ရှိသူများ၊ သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တစုံတရာ သိရှိသူတွေအနေနဲ့ အမြန်ဆုံး အကြောင်းကြားပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံထားပါတယ်။
ရန်ကုန်မှာ မကြာခဏ လူပျောက်ဖြစ်စဥ်တွေရှိပြီး အများစုမှာ ပေါ်တာဆွဲခံရတာဖြစ်ပြီး စစ်တပ်ထဲ ကို ရောင်းစားခံရတယ်လို့ သိရပါတယ်။











