DVB Logo
Home
မြန်မာသတင်း
ကုလားတန်စီမံကိန်း၏ ပလက်ဝ-ဇိုရမ်ပူလမ်းပိုင်း လာမည့်ရာသီအပြီးသတ်ရန် တိုက်တွန်း
DVB
·
October 9, 2026
Photo: The Time Of India၊ အိန္ဒိယ သံရုံး
Photo: The Time Of India၊ အိန္ဒိယ သံရုံး
Donate to DVB

အိန္ဒိယအစိုးရရဲ့ ကုလားတန်ဘက်စုံသုံးစီမံကိန်း (KMMTTP) လမ်းပိုင်းက ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်းကို အခုလာမဲ့ ရာသီအတွင်း အမြန်ဆုံး အကောင်အထည်ဖော် ပြီးစီးအောင် ဆောင်ရွက် ပေးဖို့ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်တယ်လို့ အိန္ဒိယသတင်းစာတွေမှာ ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်ချုပ်ကြီး ဗီဂျေးကူးမားဆင်းနဲ့ လမ်းပိုင်းဆောက်လုပ်ရေးစီမံကိန်းကို တာဝန်ယူတည်ဆောက်နေတဲ့ IRCON အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ ဆန်ဂျေးထရီပါတီနဲ့ အောက်တိုဘာ ၅ ရက်က တွေ့ဆုံမှုမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကုလားတန်ဘက်စုံသုံး စီမံကိန်းဟာ အိန္ဒိယဗဟိုအစိုးရအတွက် အရေးကြီးတဲ့ စီမံကိန်းကြီး ဖြစ်တာကြောင့် ထိပ်တန်းဦးစားပေးအဖြစ် ဆောက်ရွက်ပေးရမှာဖြစ်ပြီး စီမံကိန်း တည်ဆောက်မှု ဟာ ကာလရှည်ကြာစွာ နှောင့်နှေးနေသလို အခုထက် ပိုပြီး နှောင့်နှေးကြန့်ကြာလို့ မရတော့ဘူးလို့ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ကုမ္ပဏီကို အသိပေးလိုက်ပါတယ်။

ကီလိုမီတာ ၁၀၉ ဒသမ ၂ ရှည်လျားတဲ့ ပလက်ဝ-ဇိုရမ်ပူ လမ်းပိုင်းကို အခုလာမဲ့ လုပ်ငန်းရာသီမှာ လုပ်ငန်းတိုးတက်မှုကို အများဆုံးရရှိအောင် ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့သလို အခက်ခဲတွေရှိပါ ကလည်း ပြည်နယ်အစိုးရထံကိုတင်ပြနိုင်ပြီး စီမံကိန်း အပြီးသတ်နိုင်ဖို့ အပြည့်အဝ ထောက်ပံ့ သွားမယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ကုလားတန်ဘက်စုံသုံးစီမံကိန်းဟာ အိန္ဒိယဗဟိုအစိုးရရဲ့ အရှေ့မျှော်မူဝါဒအောက်က စီမံကိန်း တခုဖြစ်ပြီး နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းပိတ် ပြည်နယ်တွေနဲ့ ပင်လယ်ရေကြောင်းမှတဆင့် ကိုလ်ကတ္တားမြို့နဲ့ ချိတ်ဆက်ပေးဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။

အဲဒီစီမံကိန်းအတွက် စစ်တွေမြို့မှာ ဆိပ်ခံတံတား တည်ဆောက်ပြီးစီးထားပြီဖြစ်သလို၊ မီဇိုရမ် ပြည်နယ်တွင်း အိုက်ဇောနဲ့ လောင်တလိုင်မြို့နယ် ဇိုရမ်ပူအထိ အဝေးပြေး လမ်းမတွေ တည်ဆောက်ထားပြီးလည်းဖြစ်ပါတယ်။

လက်ရှိမှာ စီမံကိန်းဖြတ်သန်းသွားရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော်က ထိန်းချုပ်ထားတာကြောင့် စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ ရှိနေလို့ ပလက်ဝမြို့နယ်တွင်း လမ်းပိုင်းဆောင်ရွက်မှုတွေဟာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Ref: The Time Of India

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013