
စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဆီဟဆတ် ဖွန်ကတ်ကယောက်နဲ့ ဇူလိုင် ၁၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံရာမှာ မြန်မာ-ထိုင်း ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်တွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဦးတင်မောင်ဆွေဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအကြား အလွတ်သဘောအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့အကြား အလွတ်သဘောအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံမှုဟာ ဆီဘူးမှာကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံခေါင်းဆောင်တွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဆီ ပေးအပ်တဲ့တာဝန်အရ ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီတာဝန်ဟာ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ပါ မူဝါဒတွေကို ဆက်လက်ဆုပ်ကိုင်ထားပြီး မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်ပြီး အခြေခံမူ ဝါဒခိုင်မာတဲ့ ဆက်ဆံရေးကို ဘယ်လို ဆက်လက်လုပ်ဆောင်သွားမလဲ ဆိုတဲ့အပေါ် ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်ဖို့ ဖော်ဆောင်တာလို့ အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်ထားပါတယ်။
ဘုံသဘောတူညီချက် ၅ ချက်မှာ ဖော်ပြထားတဲ့အတိုင်း အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ သက်ဆိုင်သူတွေအကြား အပြုသဘောဆောင်ဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးနဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာ အကူအညီတွေပေးအပ်နိုင်ရေး စတဲ့ စိုးရိမ်ပူပန်မှုတွေကို မြန်မာနိုင်ငံဘက်က ဖြေရှင်းဆောင်ရွက်နိုင်မဲ့ ခြေလှမ်းတွေအပေါ်မှာ ဆွေးနွေးသွားကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ စပ်လျဉ်းပြီး ဦးတင်မောင်ဆွေရဲ့ ရှင်းလင်းတင်ပြချက်တွေကို နားထောင်ကြမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းအစိုးရရဲ့ ကမကထလုပ် စီစဉ်ပေးမှုအရ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ဟာ စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေတို့နဲ့ ဘန်ကောက်မြို့မှာ အရင်ကလည်း အလွတ်သဘော တွေ့ဆုံခဲ့ဖူးပေမဲ့ သိသာထင်ရှားတဲ့ရလဒ် တခုမှ ထွက်လာခဲ့တာ မရှိပါဘူး။
အခုလို အလွတ်သဘောတွေ့ဆုံအစည်းအဝေးနဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းနဲ့ မြန်မာစစ်အာဏာရှင်ကို တရားဝင်မှုဖြစ်စေမဲ့ ခြေလှမ်းတွေမလုပ်ကြဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုထားပါတယ်။










